အဆုံးမရှိတဲ့ Fake News တွေကို ဘယ်လိုစစ်ထုတ်မလဲ…… ❌🧐

Details

“Fake news” ဆိုတဲ့သတင်းအလွဲအမှားတွေကတော့ အခုချိန်မှာမှမဟုတ်၊ အင်တာနက်တွေမပေါ်ခင် ဟိုအရင်ကတည်းက ရပ်ကွက်တွေထဲမှာပါ အမြဲကြားနေခဲ့ရတာ ဖြစ်ပါတယ်။

နောက်ပိုင်းပွင့်လင်းလာပြီး Social Media ကိုလူကြီးလူငယ်မရွေးအသုံးပြုလာတဲ့ ဒီလိုအချိန်ကျပြန်တော့လည်း Fake News တွေဟာ Social Media စာမျက်နှာတွေအပေါ်အကျိုးသက်ရောက်မှုရှိလာကြတယ်ဆိုတာ ဒီနေ့ခေတ်လူငယ်တွေအသိဆုံးဖြစ်မှာပါ။ မှတ်မိကြဦးမယ်ထင်ပါတယ်။ ကျွန်တော်တို့ဆီမှာ Covid စဖြစ်တုန်းက ဘယ်ကနေစမှန်းမသိဘဲ “မောင်လေးရေ တမာရွက်စားပေးရတယ်” ဆိုတဲ့ အသံဖိုင်ကတော့လူထုကြားမှာ တော်တော်လေးပြန့်နံှ့သွားခဲ့ပါသေးတယ်။ ခေတ်လူငယ်တွေကြားမှာတော့ ဒါတွေက ဟာသတစ်ခုဖြစ်နေပေမဲ့လို့ အဲလိုအသံဖိုင်နဲ့ဆင်တူတဲ့ Fakes News နဲ့ Misinformation တွေကို အမှန်တကယ်ယုံကြည်နေကြတဲ့ တချို့ Social Media အသုံးပြုသူ၊ အထူးသဖြင့် လူကြီးတွေလည်း ရှိနေပြန်ပါတယ်။

သတင်းအချက်အလက်ဆိုတာ စွမ်းအားကြီးတဲ့ အရာတစ်ခုပါ။ မှားယွင်းတဲ့သတင်းအချက်အလက် တစ်ခုကြောင့် မလိုအပ်တဲ့ပြဿနာတွေ နောက်ဆက်တွဲဖြစ်လာနိုင်ပါတယ်။ ဥပမာ (ဆိုကြပါစို့) ဒီအချိန်မှာများ တစ်ယောက်ယောက်က “ရပ်ကွက်နံပတ်(၁)မှာမီးလောင်နေတယ်” ဆိုပြီး Facebook ပေါ်တင်လိုက်ရင် အဲဒီရပ်ကွက်အနီးအနားမှာရှိတဲ့သူတွေအနေနဲ့ အနည်းနဲ့အများတော့ ထိတ်လန့်သွားကြမှာပါ။ အဲဒီလိုပဲ မကောင်းတဲ့သူတစ်ယောက်ကို “ဒီလူဟာ ကိုယ်ကျင့်တရား အရမ်းကောင်းပါတယ်” ဆိုတဲ့ Information တစ်ခု လူထုကြားမှာ ခဏခဏပြောနေမယ်ဆိုရင် လူထုအနေနဲ့လည်း ဒီ Information ကို တဖြည်းဖြည်းလက်ခံလာပါလိမ့်မယ်။ ဒါကြောင့် သတင်းအချက်အလက်ဆိုတာ လူထုကြားဖြန့်ဝေရင်ဖြန့်ဝေနိုင်သလောက် စွမ်းအားကြီးပါတယ်။ ဒါကိုသိနေတဲ့ အာဏာရှင်တွေဟာ Fake news တွေနဲ့ကျကျနနတည်ဆောက်ထားတဲ့ “Propaganda” (ခေါ်) ဝါဒဖြန့်မှုလက်နက်ကို ကောင်းကောင်းကြီးအသုံးချပြီး အာဏာရှင်စနစ်အဓွန့်ရှည်အောင် ကြိုးစားခဲ့ကြတယ်ဆိုတာ ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ဘဝတွေက သက်သေပါ။

သာမန်အချိန်တွေမှာတောင် ကျွန်တော်တို့က သတင်းအချက်အလက်တွေနဲ့ ပတ်သက်လာရင်ဘယ်လိုသတိထားဖို့၊ ဘယ်လိုဂရုစိုက်ဖို့၊ ပြောနေကြသလိုပဲ အခုလိုတော်လှန်ရေးကိုအရှိန်အဟုန်နဲ့ လုပ်ဆောင်နေတဲ့ကာလမျိုးမှာဆိုရင်လည်း Fake News တွေနဲ့ပတ်သက်လာရင်တော့ ပိုလို့တောင် ဂရုစိုက်ရဦးမှာပါ။ ဒီလိုအချိန်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်စေ၊ မရည်ရွယ်မိဘဲဖြစ်စေ Fake News တွေကတော့ သတင်းအမှန်တွေနဲ့အတူရောထွေးပြန့်နှံ့နေတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ Fake News တွေကို စမတ်ကျကျရှောင်တတ်ရှားတတ်ရမှာပဲဖြစ်ပါတယ်။ ဒီလို Fake News တွေကို စစ်ဆေးတာနဲ့ ပတ်သက်လို့ အရင်က သတင်းအချက်အလက်နယ်ပယ်မှာရှိတဲ့သူတွေရှင်းပြခဲ့ဖူးပြီးဖြစ်တဲ့အပြင် ကျွန်တော်ကလည်း သူတို့ပြောခဲ့ဖူးတဲ့အချက်တွေအပါအဝင် ကိုယ်တိုင်ထပ်ဖြည့်ထားတဲ့ Tips လေးတွေနဲ့အတူ Fake News တွေကို ဘယ်လိုစစ်ထုတ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ် ခင်ဗျာ...

ဒီနောက်ပိုင်းမှာ နာမည်အမျိုးမျိုးနဲ့ထွက်လာတဲ့ Page ပေါင်းစုံ၊ Account ပေါင်းစုံတွေကနေ သတင်းတွေ အပြိုင်အဆိုင်တင်လေ့ရှိကြတာကိုတွေ့ရမှာပါ။ Page မှာ Media ဆိုပြီးနာမည်တပ်၊ Source မရှိဘဲ Credit ဆိုပြီးပြန်တင်တဲ့သူတွေလည်းရှိနေပါတယ်။ သာမန် Facebook user တွေထဲမှာဆိုရင်လည်း Source မခိုင်ဘဲ ယုတ္တိမရှိတဲ့သတင်းမျိုးတွေကို Credit ပေးပြီးတင်နေတာတွေအများကြီးတွေ့ရမှာပါ။ အဲဒီလို အကြောင်းအရာမခိုင်လုံတဲ့ Facebook Post တွေကိုကိုယ်တိုင် Like၊ Comment၊ Share တွေမလုပ်မိဖို့ သတိပြုရမဲ့အပြင် ကိုယ့်ပတ်ဝန်းကျင်မှာအဲ့လို Post တွေကိုအမှန်ထင်ပြီး Share တဲ့သူတွေရှိနေရင်လည်း “Fact Check” လုပ်သင့်ကြောင်း ပြောပြပေးဖို့လိုအပ်ပါတယ်။ TYTimers တို့အနေနဲ့ သတင်းတစ်ခုကိုတွေ့ပြီဆိုရင် Source ကိုရှာပြီး “Fact check” လုပ်ဖို့သတိပြုစေချင်ပါတယ် ခင်ဗျာ...

ဒါဆို ကိုယ့်အနေနဲ့ မှန်ကန်တိကျတဲ့သတင်းတွေကိုသိနိုင်ဖို့...

1️⃣ ယုံကြည်ရတဲ့ သတင်းမီဒီယာတွေက သတင်းတွေကိုသာဖတ်ရှုပါ။ (Eg. BBC, Khit Thit, Mizzima)
2️⃣ Professional သတင်းထောက်တွေရဲ့ Facebook, Telegram တွေကို Follow ထားပါ။ (Eg. Cape Diamond)
3️⃣ Fact check” လုပ်ပေးတဲ့ Facebook Page, Telegram တွေကိုလည်း Follow ထားပါ။ (Eg. Fact Checking Telegram, Fake News Check Community Facebook Page)

ဒါ့အပြင် တိုင်းနဲ့ပြည်နယ်တွေမှာလည်း သတင်း Page တွေရှိသလို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှာလည်း သတင်းပြန်ကြားရေး Page တွေအသီးသီးရှိကြတယ်ဆိုတော့ ကိုယ်သိချင်တဲ့နေရာဒေသဆိုင်ရာ သတင်းတွေကိုလည်း အဲဒီသတင်းဌာနကနေ ဖတ်ရှုလို့ရပါတယ်။


အခုလိုအရေးကြီးတဲ့အချိန်အခါမျိုးမှာတော့ ကျွန်တော်တို့က သတင်းတွေနဲ့အဆက်ပြတ်လို့မရတာမို့ များပြားရှုပ်ထွေးနေတဲ့ သတင်းအချက်အလက်တွေအများကြီးထဲကမှ “Fake News” တွေကိုကောင်းကောင်းစစ်ထုတ်တတ်ဖို့ လိုအပ်ပါတယ်။ သတင်းအကြောင်းအရာတစ်ခုကို ဖတ်မိပြီဆိုရင် တန်း Share တာမျိုးမလုပ်ဘဲ တင်ထားတဲ့ Source ကိုကြည့်ပြီး လုံလောက်တဲ့အချက်အလက်တွေပြည့်စုံမှု ရှိ/မရှိစစ်ဆေးဖို့အပြင် ကိုယ်ကိုယ်တိုင် စဉ်းစားချင့်ချိန်ပြီး အများသိသင့်တယ်ဆိုရင်တော့ “Share” ပေးဖို့ပဲဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ Fake News တွေကိုယုံနေတဲ့သူတွေ ရှိရင်လည်း အပေါ်ကနည်းလမ်းလေးအတိုင်း လမ်းညွှန်ပေးဖို့ မမေ့ပါနဲ့ ခင်ဗျာ...

ဒီလောက်ဆိုရင် TYTimers တို့အနေနဲ့ “Fake News” ရဲ့အကြောင်းအပြင် ကိုယ်သိချင်တဲ့သတင်းတွေကိုပါ ရှာဖွေဖတ်တတ်သွားမယ်လို့ ယူဆမိပါတယ်... 😊



#factcheck
#FakeNews
#takeyourtimemyanmar


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!