Cryptocurrency မိတ်ဆက် 🪙
လတ်တလော နိုင်ငံတော် ကျပ်ငွေကြေးဆိုင်ရာတန်ဖိုးကျဆင်းမှုတွေနဲ့၊ ဒေါ်လာဈေးမြင့်တက်မှုတွေကြောင့် ဈေးကွက်မှာအတော်လေးဂယက်ထနေတာကမြင်လို့တောင်မကောင်းပါဘူး။ ဒီအတိုင်းသာ ကျပ်ငွေတန်ဖိုးသာအရှိန်အဟုန်နဲ့ ဆက်ကျနေဦးမယ်ဆိုရင် ကုန်ပစ္စည်းတွေဝယ်ယူတဲ့အခါ ကျပ်ငွေအစား ဒေါ်လာနဲ့ပဲလက်ခံတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ပိုဆိုးလာရင် တစ်ဦးနဲ့တစ်ဦး ဖလှယ်ခြင်း (ဥပမာ - မင်းကဆန်ပေး၊ ငါကဘာပေးမယ်ဆိုတာမျိုး) စနစ်အထိပါ ဖြစ်လာနိုင်ပါတယ် 📉
သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်လဲ တကယ်ပဲဒီစနစ်ကိုပဝေသဏီခေတ်ထဲကသုံးလာတာပါ။ ဒါပေမဲ့ အခက်အခဲတွေရှိတဲ့အတွက်ကြောင့် နောက်ပိုင်းခေတ်ကြမှ ငွေကြေးကို ကြားခံစနစ်အဖြစ်သုံးလာကြတာပေါ့။ ငွေကြေးကို ရွှေတုံး၊ ငွေတုံးတွေအဖြစ်ပြောင်းလဲပြီး တန်ဖိုးသတ်မှတ်ခဲ့ရာကနေ၊ လက်ရှိငွေစက္ကူတွေကတော့ အစိုးရကနေ တန်ဖိုးရှိကြောင်းသတ်မှတ်ပေးထားတဲ့အထိ စနစ်တွေပြောင်းလဲခဲ့ပါတယ်။
နိုင်ငံအသီးသီးမှာ သီးခြားသတ်မှတ်ထားတဲ့ Currency Unit တွေရှိကြပါတယ်။ ဥပမာ -
🔹USD Dollar ($)
🔹Euro (€)
🔹Pound sterling (£)
🔹Japanese Yen (¥) စတာတွေအပြင်
နောက်ပြီး မြန်မာမှာဆိုရင်တော့ ကျပ်( Kyat) ငွေပေါ့။
ဒီငွေစက္ကူတွေကို ခေတ်တစ်ခုလောက်ထိအသုံးပြုခဲ့ပြီးတဲ့အချိန်မှာထုံးစံအတိုင်း evolution တစ်ခုပြန်စရတာပေါ့။ Information Technology (IT) ခေတ်ကတဖြည်းဖြည်းကြီးထွားလာတော့ E-wallet ( Electronic Wallet) တွေပေါ်လာပြီးတော့ digital payment တွေစပြီးကျယ်ပြန့်လာပါတယ်။ ဒီချိန်မှာ Cryptocurrency ရဲ့အခန်းကဏ္ဏကဝင်ရောက်လာတော့တာပေါ့...
Cryptocurrency ကဘာကြီးလဲ ❓
Cryptocurrency ကတခြား currency တွေလိုမျိုး ငွေကြေးစနစ်တစ်ခုပါပဲ။ ဒါပေမဲ့ သူကလုံးဝကို Virtual ဖြစ်ပါတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့သုံးစွဲနေတဲ့ ငွေစက္ကူတွေလိုရုပ်ဝတ္ထုမရှိပါဘူး။ လေလှိုင်းပေါ်မှာပဲ digitally တည်ရှိနေတဲ့ငွေကြေးဖြစ်တဲ့အတွက် ကိုယ့်မှာဒီလောက်ချမ်းသာကြောင်းလက်ဆုပ်လက်ကိုင်ပြလို့တော့မရဘူးပေါ့။ ဒါကြောင့်လဲ တစ်ချို့က ကိုယ်ပိုင်ဆိုင်ထားတဲ့ပိုက်ဆံကို လက်ဝယ်ကိုင်ထားလို့မရတဲ့အတွက် အယုံအကြည်မရှိသေးတာတွေလဲရှိပါတယ်။ အထူးသဖြင့် ဒီနိုင်ငံမှာပေါ့...
နောက်ပြီး Cryptocurrency နဲ့ပတ်သတ်ရင် မပြောမဖြစ်ကတော့ Crypto က decentralized ဖြစ်တဲ့အချက်ပါ။ Decentralized ကိုအရှင်းဆုံးပြောပြရရင်တော့ ဗဟိုထိန်းချုပ်မှုမရှိတာကိုပြောတာပါ။ ဒါကိုဥပမာပေးပြောရရင် - ကျွန်တော်တို့ online ပေါ်ကငွေပေးချေတာပဲဖြစ်ဖြစ်၊ ငွေလွှဲချင်တာပဲဖြစ်ဖြစ်လုပ်မယ်ဆိုရင် ကြားထဲမှာသက်ဆိုင်ရာ ဘဏ်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုရှိပါတယ် (ဥပမာ - KBZ Pay၊ Aya Pay၊ etc..)
အပေါ်မှာပြောခဲ့တဲ့ Payment Service တွေသုံးမယ်ဆိုရင် သက်ဆိုင်ရာ Bank တွေနဲ့ဆက်စပ်ပြီး account ရှိထားရပါမယ်။ ဆိုတော့ User ရဲ့ payment history ကို track လိုက်နိုင်သလို၊ ကိုယ်ရဲ့ငွေကြေးကို Bank မှာအပ်ထားမယ်ဆိုရင် သူတို့ဆီမှာကိုယ့်ရဲ့ပိုက်ဆံလက်ဝယ်ရှိတဲ့အတွက် ပြီးခဲ့တဲ့တစ်ခေါက်ကဖြစ်ခဲ့သလိုမျိုး၊ ပိုက်ဆံထုတ်မပေးတာမျိုးတွေလဲကြုံရနိုင်ပါတယ်။ ကိုယ်ပိုင်တဲ့ပိုက်ဆံကို ထုတ်ခွင့်မရတာကတော့လက်မခံနိုင်စရာပါပဲ။ ဒါတွေက ဒီလိုသီးခြားအဖွဲ့အစည်းတွေရဲ့ထိန်းချုပ်မှုတွေရှိခဲ့ရင် (တစ်နည်းအားဖြင့်) Centralized System မှာဆိုရင် ကြုံလာရနိုင်တာတွေပါ...
ဒါဆို Crypto မှာကော ❓
Crypto က decentralized ဖြစ်တဲ့အတွက်အပေါ်က ပြဿနာအချို့ကိုဖြေရှင်းနိုင်ပါတယ်။ Crypto ကို အစိုးရ (ဒါမှမဟုတ်) သီးခြားအဖွဲ့အစည်းကထိန်းချုပ်မှုမရှိတဲ့အတွက် security ပိုင်းမှာတော့အတော်လေးစိတ်ချလို့ရပါတယ်။ ဒါပေမဲ့ History ကို track မလိုက်နိုင်တာမျိုးတော့မဟုတ်ပါဘူး။
Real Life ဥပမာအနေနဲ့သရုပ်ပြရမယ်ဆိုရင် - လူသုံးယောက်ရှိတယ်ဆိုပါစို့။ A,B နဲ့ C ပဲထားပါတော့။ ဒီသုံးယောက်ကို လူတစ်ဦး (Bank) ကနေ တစ်ယောက် ၁၀၀ ဆီပေးထားတယ်ဆိုပါတော့။ ဒီမှာ A ကနေ B ကိုပိုက်ဆံထပ်ချေးတယ်၊ B ကလဲ C ကိုထပ်ချေးတယ်ဆိုရင် ဒီငွေစာရင်းကို ခုနကလူတစ်ဦးကနေကိုင်ဆောင်ထားရပါတယ်။ ဒါကသမားရိုးကျ Centralized system မှာပေါ့
Crypto မှာကြတော့ လူသုံးယောက်လုံးကဒီငွေစာရင်းကို ကိုင်ဆောင်ခွင့်ရှိပါတယ်။ ဘယ်သူကဘယ်သူ့ကို ဘယ်လောက်လွှဲလိုက်တယ်ဆိုတဲ့ ငွေစာရင်းက A,B နဲ့ C သုံးယောက်လုံးမှာရှိပါတယ်။ အခေါ်အဝေါ်အရဆိုရင်တော့ Distributed Ledger လို့ခေါ်တာပေါ့။ ဆိုတော့ ငွေစာရင်းကိုလိမ်လို့လဲမရတော့သလို၊ တစ်စုံတစ်ဦးကထိန်းချုပ်ထားမှာလဲ ပူနေစရာမလိုတော့ပါဘူး။
▫ Fun fact - ဒီနေရာမှာ A,B,C လူသုံးယောက်က Computer တစ်ခုချင်းစီကိုရည်ညွှန်းတာဖြစ်ပြီး၊ ခုနကလို Ledger ကို Computer သုံးခုလုံးမှာရှိတဲ့အတွက် ငွေလွှဲတဲ့ transaction ကိုမသမာတဲ့ Hacker တွေက hack မယ်ဆိုရင် Computer သုံးခုလုံးရဲ့ network ကို hack မှရတော့မှာပါ။ ဒါကတော်တော်လေးမလွယ်တဲ့ကိစ္စပါ။ ဒါကြောင့်လဲ Crypto က security မှာ အတိုင်းအတာတစ်ခုထိစိတ်ချရတယ်လို့ပြောတာပါ။
Cryptocurrency အမျိုးအစားဘယ်လောက်ရှိလဲ ❓
ကျွန်တော်တို့သုံးနေတဲ့ Currency တွေမှာ Kyat, Dollar စသဖြင့်ရှိသလိုပဲ၊ Crypto မှာလဲ အမျိုးအစားတွေအများကြီးရှိပါတယ်။ ဒီမှာအသိများကြတာတော့ Bitcoin ပေါ့။ အမျိုးအစားပေါင်းကတော့ လက်ရှိအချိန်မှာ 6500 ကျော်လောက်တောင်ရှိနေပါပြီ။
Cryptocurrency ဖြစ်ပေါ်လာပုံအကျဥ်း 📌
၂၀၀၈ ခုနှစ်တုန်းက တစ်ကမ္ဘာလုံးဆိုင်ရာရင်ဆိုင်ခဲ့ရတဲ့ Financial Crisis ဖြစ်ပြီးတဲ့နောက် ၂၀၀၉ ခုနှစ်မှာ Bitcoin (BTC) လို့ခေါ်တဲ့ ကမ္ဘာ့ပထမဆုံး Cryptocurrency (သို့မဟုတ်) အင်တာနက်ငွေကြေးစတင်ပေါ်ပေါက်ခဲ့ပါတယ်။ စပေါ်ပေါက်တုန်းကတော့ Satoshi Nakamoto ဆိုတဲ့ ယခုချိန်ထိ Identity ဖော်ပြခြင်းမရှိတဲ့လူတစ်ဦးက develop လုပ်ခဲ့တယ်လို့ဆိုပါတယ်...
🔸 Cryptocurrency ရဲ့နာမည်ဖြစ်ပေါ်လာပုံကတော့ Cryptography ဆိုတဲ့နည်းပညာကိုအခြေခံထားတာကြောင့်ပါ။ နောက်ပြီး ငွေစာရင်းတွေကိုစနစ်တကျသိမ်းဆည်းဖို့အတွက်လဲ Blockchain ဆိုတဲ့နည်းပညာကိုအသုံးပြုပါသေးတယ်။ Cryptography ဆိုတာကနယ်နယ်ရရတော့မဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်တုန်းက စစ်ပွဲရဲ့ချိန်ခွင်ကိုပြောင်းခဲ့တာလဲ သူ့ကြောင့်ဆိုရင်မမှားပါဘူး။ ဒီအခေါ်အဝေါ်တွေအကြောင်း မသိဘူးဖြစ်နေတယ် ဟုတ်...🙋♂️
🙆♂️ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့။ နောက်များကြရင် Take Your Time ကနေဒီအကြောင်းတွေကိုရှင်းပြပေးသွားဖို့ရှိနေတာမို့ stay tuned ဖို့တော့လိုမယ်နော်။ ခုချိန်မှာ နိုင်ငံအတော်တော်များများမှာ Crypto ကိုစပြီးကျယ်ကျယ်ပြန့်ပြန့်သုံးလာပြီဆိုတော့၊ ခုလို ငွေကြေးဆိုင်ရာအခက်အခဲတွေကြုံနေရချိန်မှာ ဒီအကြောင်းတွေကသိကိုသိထားသင့်ပါတယ်။ ဒေါ်လာဈေးတွေသာဒီလို 'အဆတက်'နေမယ်ဆိုရင် ကျွန်တော်တို့တွေ 'ဘဝပျက်' ဖို့ပဲရှိပါတော့တယ်။ ခုချိန်ထိ 'အဘရေ' နေသေးရင်တော့ ပိုင်ဆိုင်မှုတွေ 'အမျှဝေ'လိုက်ပါလို့ပြောကြားရင်းနဲ့ အားလုံးပဲ ကောင်းသောညချမ်းလေးပါခင်ဗျ... 🌃✨
#Barry
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments