ဒီနှစ်ပံ့သကူပစ်ပွဲ

Details

“ဒီနှစ်ပံ့သကူပစ်ပွဲ”

မင်္ဂလာနံနက်ခင်းပါ TYTimers တို့ရေ ... 🌿❄️

ကျွန်တော်တို့ အချိန်ရာသီတွေပြောင်းလဲလာလိုက်တာ မြန်မာလ ဆယ့်နှစ်လရဲ့ တန်ဆောင်မုန်းလကို ရောက်လို့လာပြန်ပါပြီ ...

တန်ဆောင်မုန်းလမှာလည်း ရိုးရာပွဲတော်တွေကို ပြုလုပ်လေ့ရှိကြပါတယ်။ အဲ့ထဲမှာမှ ပံ့သကူပစ်ပွဲဟာ ထူးခြားတဲ့ပွဲလေးတစ်ခုဖြစ်ပါတယ်။

ပံ့သကူလို့ပြောရင် ပံ့သကူသင်္ကန်းဆိုတာကိုလည်း တွဲမြင်ကြလိမ့်မယ်ထင်ပါတယ်။
ရဟန်းတော်တွေကျင့်သုံးရတဲ့ ဓုတင် (၁၃)ပါးထဲမှာ ပံ့သကူဓုတင်ဆိုတာ ပါ ပါတယ်။

🕯️ဓုတင်ဆိုတာ လောဘ၊‌ ဒေါသ၊ မောဟစတဲ့ ကိလေသာတွေကို ခေါင်းပါးစေတဲ့ အကျင့်တရားတွေ ဖြစ်ပါတယ်။ ပံ့သကူဓုတင်ကတော့ ရဟန်းတော်တွေဟာ သူတပါးလှူဒါန်းတဲ့ သင်္ကန်းကို မ၀တ်ရုံရဘဲ စွန့်ပစ်ထားတဲ့ အ၀တ်တွေကို ကောက်ယူလျှော်ဖွတ်ပြီး လိုအပ်သလိုချုပ်ယူ၊ ဆေးဆိုးပြီး သင်္ကန်း‌တော်အဖြစ် ၀တ်ရုံရတဲ့ အကျင့်တရားတစ်ခုဖြစ်ပါတယ်။

🕯️အဲ့ဒါကို အခြေခံပြီး လူတွေကြားမှာလည်း
ပံသကူပစ်ပွဲဆိုတဲ့အလေ့အထလေးကလည်း ပေါ်ပေါက်လာပါတယ်။ ပံ့သကူပစ်တဲ့သူဟာ
မိမိပစ်မဲ့ ပစ္စည်းကို တစုံတယောက် ရသွားပါစေဆိုတဲ့ စိတ်နဲ့ ပစ်ကြပါတယ်။ ပုံမှန်လှူဒါန်းတာထက် ပံ့သကူပစ်တာ ပိုပြီး ကောင်းမွန်တဲ့အချက်ကတော့ ပံ့သကူပစ်ပြီး လှူတဲ့သူကလည်း ဘယ်သူရသွားတယ်ဆိုတာကို မသိလိုက်၊ ရတဲ့သူကလည်း ဘယ်သူလှူတယ်ဆိုတာ မသိလိုက်ဘဲ စိတ်ရဲ့ လုံခြုံမှု၊ အေးချမ်းမှုနဲ့အတူ ကြည်နူးပီတီဖြစ်ကြရပါတယ်။

🕯️ဒီနှစ်ပံ့သကူ ပစ်ပွဲမှာတော့ သတိထားရမဲ့အချက်တွေ ရှိလာပါတယ်။ အခုကာလဟာ အန္တရာယ်တွေကြားမှာ ကျရောက်နေတာ ဖြစ်တဲ့အတွက် ပံ့သကူပစ်မဲ့သူတွေဟာ ကိုယ့်ရဲ့အလှူပစ္စည်းလေးတွေကို ပိုပြီး ထင်ထင်ပေါ်ပေါ် ရှိအောင် ပစ်လှူပေးရင် ပိုပြီးတော့ ကောင်းမွန်မယ်လို့ ထင်မိပါတယ်။ ပြီးတော့ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ပံ့သကူပစ်သလို စိတ်ပြတ်ပြတ်လှူဒါန်းရမဲ့အရာတွေ ရှိနေတယ်နော်။

🕯️လှူလိုက်တဲ့အခါမှာ ဘယ်သူရတယ်၊ ဘယ်ထိရောက်သွားတယ်၊ ဘာလုပ်လိုက်တယ်ဆိုတာတွေထိ လိုက်မကြည့်သင့်တာတွေလည်း ရှိပါတယ်။ ပံ့သကူကောက်ကောက်မဲ့သူတွေကလည်း ကိုယ်တွေ့တဲ့ ပစ္စည်းက ထင်ထင်ရှားရှား ရှိရဲ့လား၊ ဘာပစ္စည်းဆိုတာကို ခပ်လှမ်းလှမ်းကနေလည်း အတည်ပြုဖို့လိုပါဦးမယ်။ ဒီနှစ်မှာ စိတ်ပြတ်ပြတ်နဲ့ လှူလိုက်တဲ့ ပံ့သကူရသွားတဲ့သူတွေကလည်း အမြဲတမ်းကျေးဇူးတင်စိတ်ကြီးနဲ့ ပင်ပန်းနေစရာမလိုပါဘူး။ တခါတရံ ကြည်နူးပီတိဖြစ်ရတယ်၊ ခွန်အားဖြစ်ရတယ်ဆိုတာနဲ့တင် လှပတဲ့ နှလုံးသားရပ်၀န်းလေး တစ်ခုဖြစ်နေပါပြီ။

အားလုံးပဲ အေးချမ်းသော တန်ဆောင်တိုင်
အခါသမယ ဖြစ်ပါစေ။ အခြားသော တန်ဆောင်မုန်းလမှာ ကျင်းပတဲ့ပွဲတော်တွေကိုလည်း ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ကိုယ်ဘယ်နှခုလောက် သိလဲဆိုတာကို comment box မှာ
ဖြေသွားပေးကြပါဦးခင်ဗျာ။ 🙆

#koon
#ပံ့သကူပစ်ပွဲ
#culturalfestival
#takeyourtimemyanm‌ar


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!