"God Of Fire"

Details

ဇီးယုနတ်မင်းကြီးက လူတွေ “မီး” ရသွားမှာကို ကြောက်သတဲ့???

⚡ ဂရိနတ်ဘုရားတွေကို ဦးစီးတဲ့ ဇီးယုနတ်မင်းကြီး (Zeus)ဟာ ကမ္ဘာကြီး တစ်ခုလုံးကို ပြိုကွဲအောင်၊ လူသားတွေကို လောင်မြိုက် ပျက်စီးအောင်၊ မိုးကြိုးလက်နက်နဲ့ပြာဖြစ်သွားအောင် ဖျက်ဆီးနိုင်တဲ့ တန်ခိုးရှိပါတယ်။ အဲ့သလောက် စွမ်းအားကြီးတဲ့ နတ်မင်းကြီးက လူတွေရဲ့ လက်ထဲ “မီး” (အသိဉာဏ်အလင်းရောင်) ရောက်သွားမှာကို ကြောက်တဲ့ အတွက် ကျန်တဲ့ နတ်အပေါင်းအပါတွေနဲ့ ဆွေးနွေးပြီး လူသားတွေ လက်ထဲ “မီး” မရောက်အောင် (ဝါ) အသိဉာဏ်ခေါင်းပါးအောင် ကြံစည်၊ လုပ်ဆောင်ပါတော့တယ်။ ဒါမှ သူ့နဲ့နတ်အပေါင်းအပါတွေဟာ ကောင်းကင်ဘုံကိုရော ကမ္ဘာမြေပေါ်က လူသားတွေကိုပါ ပိုင်စိုးပိုင်နက် အုပ်ချုပ်နိုင်မှာ မဟုတ်လား။ ဒီလိုနဲ့ လူသားတွေရဲ့ အသိဉာဏ်မဲ့တဲ့ လောကကြီးဟာ အမှောင်ရိပ်ထဲကျကာ ပညာ “ကန်း” ရင်း ဘဝကို တိရိစ္ဆာန် တွေလို နေထိုင်၊ကျက်စားရရှာတာပေါ့။

တစ်နေ့တော့ ဒါကို မကြည့်ရက်၊ မနေသာဖြစ်နေတဲ့ ပရိုမီသိယပ်စ် (Prometheus) နတ်သားလေးဟာ လူသားတွေရဲ့ လက်ထဲကို “မီး” ခိုးပေးလိုက်တယ်။ ဒီသတင်းကို ဇီးယုနတ်မင်းကြီးကြားသွားတော့ အလွန်မခံမရပ်နိုင်ဖြစ်ကာ ပရိုမီသိယပ်စ်ကို အပြစ်ဒဏ်ခတ်တဲ့ အနေနဲ့ ကျောက်တောင်ကြီးမှာ သံကြိုးနဲ့ တုတ်၊ ရင်ကိုခွဲပြီး အသည်းကို လင်းတတွေ စားစေပါတယ်။ လင်းတတွေစားလိုက်တိုင်း အသည်းဟာ အသစ်တစ်ဖန် ပြန်ပြန်ဖြစ်လာတယ်။ ငရဲခံနေရသလိုပေါ့...

⬛ ဒီနေရာမှာ ဇီးယုနတ်မင်းကြီးက လူသားတွေ အသိဉာဏ်ရရှိသွားမှာကို စိုးရိမ်လို့ လူသားတွေကို အပြစ်ဒဏ်မခတ်ဘဲ ပရိုမီသိယပ်စ်ကို မဲပြီး အပြစ်ပေးပုံထောက် ရရင် တန်းခိုးရှင် နတ်မင်းတွေတောင် ကြောက်ရွံ့ရတဲ့ အရာဟာ လူတွေရဲ့ “အသိဉာဏ်” ပါလားဆိုတာကို သိရှိရတယ်...

⬛ ဘေးတကာ့ဘေးထဲ ကြောက်စရာ အကောင်းဆုံးဘေးဟာ “အသိဉာဏ်ကွယ်တဲ့ဘေး” ဖြစ်တယ် ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကျော်က ပြဇာတ်ဆရာကြီး Aeschylus ရဲ့ ဒီ “Prometheus” ပြဇာတ်က ညွှန်ပြခဲ့သလို တကယ့် လက်တွေ့ကမ္ဘာ့သမိုင်းထဲမှာလည်း ပြစရာ သာဓက တွေဆိုတာအများကြီးပါ...

⬛ Adolf Hitler ဟာ သူရဲ့အာဏာမြဲဖို့ ဘာလုပ်ခဲ့ပါလိမ့်။ သူ့ နာဇီဝါဒကို ဆန့်ကျင်တဲ့ စာအုပ်မှန်သမျှ မီးရှို့ ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒါမှ သူ့လူတွေရဲ့ “အသိဉာဏ်မဲ့နေတဲ့ဦး‌နှောက်” ထဲ နာဇီဝါဒ ကိုသွပ်သွင်းပြီး သူ့အာဏာကိုမြဲစေမှာပါ...

🔥 ဒါကြောင့် အသိဉာဏ်ပညာဟာ အရာရာကို ဦးဆောင်လမ်းပြနေတဲ့ “မီး” ဖြစ်တယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့၊ လူတစ်ဦးချင်းရဲ့ ဘဝတွေမြင့်မားဖို့၊ အေးချမ်းသာယာဖို့ စတဲ့ လောကီဆိုင်ရာကြီးပွားရေးကစ နိဗ္ဗာန် မဂ်ဖိုလ်မျက်မှောက်ပြုတဲ့အထိဟာ အသိဉာဏ်ပညာက ဦးဆောင်တာမဟုတ်ပါလား။ တရားမျှတမှုတွေ၊ တန်းတူညီမျှမှုတွေ၊ လူတစ်ဦးချင်းရဲ့ အခွင့်အရေးကို နားလည်မှုတွေ၊ ကိုယ့် အကျိုးစီးပွား သူတစ်ပါးရဲ့ အကျိုးစီးပွားတွေကို သဘောပေါက်မှုတွေ၊ ငြိမ်းချမ်းမှုနဲ့ အေးချမ်းသာယာမှုတွေ ဆိုတာ အသိပညာ၊ အတတ်ပညာတွေကြောင့်သာ ရနိုင်တာပါ။ အဲ့ဒီ အသိပညာ၊ အတတ်ပညာတွေ ရရှိဖို့ အတွက်ကိုလည်း ပြုစုပျိုးထောင်ရပါတယ်။ အကောင်းဆုံးနဲ့ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပျိုးထောင်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ စာဖတ်ခြင်းပဲ ဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့တိုင်းပြည်မှာ သာမက တိုင်းတစ်ပါးက ရရှိနိုင်တဲ့ စာကောင်းပေမွန်တွေ အများကြီးပါ။ စာအုပ် စာပေ ဆိုတာ အသိဉာဏ်အလင်းရောင်ကို လူသားတွေဆီ ယူဆောင်ပေး‌နေတဲ့ Prometheus ပဲ ဖြစ်တယ်...

ဆိုတော့ ကျွန်တော်တို့ လူငယ်တွေအနေနဲ့လည်း Zeus ရဲ့ မှိုင်းတိုက်မှု ဒဏ်ကို ကြံ့ကြံ့ခံဆန့်ကျင်ကာ အသိပညာ၊ အတတ်ပညာတွေ မြင့်မားအောင် စာဖတ်ဖြစ်ဖို့ အားပေးရင်း... 💪

ဖတ်ဖူးခဲ့တဲ့ ဆောင်းပါးဟောင်းထဲက “Prometheus” ပြဇာတ်ကို အကြောင်းပြုပြီး ပြန်လည်ဝေမျှပေးလိုက်ပါတယ်... ✍️

#takeyourtimemyanmar


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!