Jack of All Trades (သို့မဟုတ်) ဟိုစပ်စပ် ဒီစပ်စပ်၊ ရည်ရွယ်ချက်များတဲ့သူ
"မင်းဘဝရဲ့အိမ်မက်ကဘာဖြစ်ချင်တာလဲ" "မင်းဘာကိုစိတ်ဝင်စားသလဲ" "ဘယ်နယ်ပယ်မှာ passionate ဖြစ်သလဲ" စတဲ့မေးခွန်းတွေကိုကျွန်တော်တို့အားလုံးအမေးခံရဖူးကြမှာပါ။ အမေးခံရတိုင်းလဲ ငါဘာကိုစိတ်ဝင်စားသလဲဆိုပြီးဇဝေဇဝါဖြစ်တာအခေါက်ခေါက်အခါခါပါပဲ။ ကျွန်တော့်အတွက်အဓိကအကြောင်းအရင်းကတော့ စိတ်ဝင်စားတဲ့နယ်ပယ်တွေအရမ်းများနေတာပေါ့။ ဒီလိုလူတွေကိုခေါ်တဲ့နာမည်ရှိပါတယ်။
"Jack of All Trades, Master of None" တဲ့...
'Jack of all trades' ကို မြန်မာလိုအကြမ်းဖျဥ်းဆိုကြတာက 'ဟိုစပ်စပ်၊ ဒီစပ်စပ်' ပေါ့။ နားလည်အောင်ပြောရရင် "စွယ်စုံတော့ရတယ်၊ ဘယ်မှာမှတော့ထူးချွန်မနေဘူး" ဆိုသလိုပါပဲ။ ဒီထဲမှာကျွန်တော်ကိုယ်တိုင်လဲအပါအဝင်ပဲဆိုပါတော့။ ဟိုဟာသိလားမေးရင်လဲသိတယ်၊ ဒီဟာသိလားမေးရင်လဲသိတယ်။ ဒါပေမဲ့ထဲထဲဝင်ဝင်သိတာကအတော်လေးရှားပါတယ်။ ဒါပေမဲ့တစ်ခုကောင်းတာက အတော်များများကိုတီးမိခေါက်မိရှိတဲ့အတွက် ဘယ်နယ်ပယ်ကိုရောက်ရောက် အတိုင်းအတာတစ်ခုထိစကားဝင်ဆံ့ပါတယ်...
ဒါပေမဲ့ မြန်မာစကားအရ 'ဟိုစပ်စပ်၊ ဒီစပ်စပ်' ဆိုတဲ့စကားလုံးကပြဿနာနည်းနည်းရှိပါတယ်။ လူတွေက 'ဟိုစပ်စပ်၊ ဒီစပ်စပ်' လို့ဆိုလိုက်ရင်မကောင်းတဲ့ဘက်ကိုပိုတွေးကြတာများတယ်။ Jack of all trades ကို 'ဟိုမရောက်၊ ဒီမရောက် ရည်ရွယ်ချက်မရှိတဲ့သူ'လို့ခံယူတဲ့သူကတစ်ဖက်၊ 'နယ်ပယ်စုံကျွမ်းကျင်တဲ့သူလို့ခံယူတဲ့သူ'ကတစ်ဖက်လိုမျိုးတောင်ရှိပါသေးတယ်။ တချို့ကလဲ ငါကဘယ်နေရာမှာမှ ကျွမ်းကျွမ်းကျင်ကျင်မရှိဘူးဆိုပြီး စိတ်ဓာတ်ကျတာတွေလဲတွေ့ရတယ်။
ဆိုတော့ ဒီစကားလုံးကိုခွဲခြမ်းပြီး အဓိပ္ပာယ်ဖွင့်ကြည့်မယ်ဆိုရင် -
၁) ရည်မှန်းချက်တွေများပြီးတော့ ဘက်စုံရတဲ့ Generalist
ဒီလိုလူတွေကဘက်စုံတော့ရတယ်၊ ဒါပေမဲ့ Specialist လို တစ်နေရာထဲမှာထူးထူးချွန်ချွန်ဖြစ်မနေဘူး။ ဒါကိုဆိုးတယ်လို့တော့ပြောလို့မရဘူး။ ဒီလိုလူတွေကဘယ်နေရာတွေမှာကောင်းလဲဆိုတော့ Product Manager တွေ၊ Full Stack Developer လိုနေရာတွေမှာအတော်အသုံးဝင်တယ်။ နယ်ပယ် ၄၊၅ ခုလောက်ကိုခြုံကြည့်ရတဲ့သူတွေကိုး။ နောက်ပြီးတော့ လက်ရှိအောင်မြင်နေတဲ့ CEO တွေကိုကြည့်လိုက်ရင်လဲ Generalist တွေများတယ်။
နယ်ပယ်တွေကိုခြုံကြည့်နိုင်ပြီးတော့ အကွက်ကြိုမြင်ဖို့လိုအပ်တယ်လေ။ ကိုယ်ပိုင်စီးပွားရေးအသေးလေးတွေစပြီဆိုရင်လဲ Generalist တွေကအရေးပါတယ်။ တစ်နေရာစီအတွက်ငွေကြေးကျခံပြီးတော့ဝန်ထမ်းမငှားနိုင်ဘူးလေ။ Specialist တွေကမလိုအပ်ဘူးလားမေးရင် အဲ့လိုတော့ဘယ်ဟုတ်ပါ့မလဲ။ အထူးသဖြင့် Medical ပိုင်းမှာဆိုရင် ရောယောင်ရှိသွားလုပ်လို့မရဘူးလေ။ သူ့နေရာနဲ့သူပေါ့...
၂) နောက်တစ်မျိုးကတော့ 'လိုင်းကြောင်' ပါ။ Jack of all trades ကိုအတော်များများက လိုင်းကြောင်နဲ့အမှတ်မှားပြီးတော့ controversial ဖြစ်ကြတယ်။ လိုင်းကြောင်ဆိုတာကတော့ ကိုယ်တိုင်ကနယ်ပယ်တော့စုံပါရဲ့၊ နယ်ပယ်တစ်ခုစီကိုစိတ်ဝင်စားရတဲ့ ရည်ရွယ်ချက်မရှိတာမျိုးပေါ့။ နောက်ပြီး ဒီနယ်ပယ်ကရတဲ့ knowledge ကိုကောင်းကောင်းအသုံးမချနိုင်ခြင်းပေါ့။
ဒီလိုဆိုလို့'Jack of all trades' ကောင်းတယ်လို့တစ်ထစ်ချပြောလို့မရပြန်ဘူး။ Dan Lok ဆိုတဲ့ YouTuber ကိုသိကြမယ်ထင်ပါတယ်။ မြန်မာ sub တွေနဲ့ဘာသာပြန်ထားတဲ့သူ့ video တွေတောင်ရှိပါတယ်။ သူဆိုရင် 'Jack of all trades' ကိုအားမပေးပါဘူး။ သူဆိုရင်အစုံလိုက်လုပ်ရင်း ဘာကိုမှသေချာမသိခဲ့လို့ ၁၃ ခေါက်လောက်ကျရှုံးခဲ့တယ်တဲ့။ နောက် 'Master of One' ဖြစ်အောင်တစ်ခုထဲကိုသေချာလုပ်မှအောင်မြင်ခဲ့တယ်။ သူအကြံပေးတာက 'Master of One' ဖြစ်အောင်အရင်လုပ်ပြီးမှ 'Master of Some' ဖြစ်အောင်ကြိုးစားပါတဲ့။
Apple ရဲ့ Founder ဖြစ်တဲ့ Steve Jobs က Generalist တစ်ယောက်ပါ။ Steve Jobs နဲ့ Wozniak နှစ်ယောက်သားပြောခဲ့တဲ့ conversation တစ်ခုမှာ Steve Jobs က Orchestra တစ်ခုနဲ့ဥပမာပေးပြောပြတယ်...
- "Orchestra တစ်ခုမှာ musicians တွေကသူပိုင်နိုင်တဲ့ Instruments တွေကိုကျွမ်းကျွမ်းကျင်ကျင်တီးခတ်ကြတယ်တဲ့၊ Orchestra ရှေ့ကဦးဆောင်နေတဲ့ Conductor ကသူတို့လောက်တီးတတ်ချင်မှတီးတတ်လိမ့်မယ်"
Wozniak က "What do you do?" လို့မေးလိုက်တော့ Steve က -
" I play the Orchestra" လို့ပြန်ဖြေခဲ့ပါတယ်။
ခြုံပြီးတော့ပြောရရင်တော့ လောကကြီးမှာ ဘယ်လိုနေမှမှန်မယ်၊ ဘယ်လိုနေရင်မှားတယ်ဆိုပြီးတော့မရှိပါဘူး။ ကိုယ်စိတ်ဝင်စားတာလုပ်လို့ရတယ်မှန်ပေမဲ့ သမ္မာအာဇီဝကျဖို့တော့လိုတာပေါ့။ ကျွန်တော်ဆိုရင် Computer Science ကျောင်းသားပေမဲ့၊ အခုလို Content လဲရေးလိုက်တာပဲ၊ Graphic Design၊ Electronic၊ Digital Marketing အို အစုံပါပဲ။ ကျွန်တော့်အလုပ်က code ထိုင်ရေးနေရမှာဆိုပေမဲ့အစုံသုပ်ကိုဖြစ်နေတာပါ။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဒီလိုလူမျိုးတွေအများသားဗျ
ဒီခေတ်ကြီးထဲမှာကြတော့တစ်မျိုးထဲသိလို့အဆင်မပြေတော့ဘူးလေ။ နေရာတိုင်းမှာ ဆရာကြီးတွေများလာတဲ့အတွက် ကိုယ်ကဆရာ့ဆရာကြီးဖြစ်နေဖို့လိုအပ်ပါတယ်။ ကိုယ်က ဒါဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်မရှိရင်တောင်မှ လိုင်းမကြောင်ဖို့ကအရေးကြီးပါတယ်။နယ်ပယ်တစ်ခုကိုခြေချပြီးပြီဆိုရင် ဒီဟာနဲ့ပတ်သတ်တဲ့ Skill & Knowledge နဲ့ကအတိုင်းအတာတစ်ခုထိရှိဖို့လိုတာပေါ့။
ကျွန်တော့်အနေနဲ့ကတော့ 'Jack of All Trades' ဘဝကိုပိုသဘောကျတယ်။ ကျွန်တော်တို့ passionate ဖြစ်တာတွေက ထမင်းကျွေးနိုင်မယ်လို့"အာမ"မခံနိုင်ဘူး။ ဒါကြောင့် စားဝတ်နေရေးအတွက် နယ်ပယ်စုံအောင်လေ့လာမယ်။ ကိုယ်စိတ်ဝင်စားတာကိုလဲအချိန်ရရင်ရသလိုပေးမယ်။ TYTimers တွေအနေနဲ့ကော 'Master of One' ဖြစ်ချင်လား ဒါမှမဟုတ် ကျွန်တော့်လိုပဲလားဆိုတာ ဆွေးနွေးပေးသွားပါဦး။ အားလုံး နောက်မှတွေ့တာပေါ့... 🙋♂️
Have a nice day ✨🍂
#Barry
#takeyourtimemyanmar
#JackofAllTrades
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments