Minimalism နှင့်ခေတ်ကာလ 🔸
Minimalist ဆိုတဲ့စကားလုံးကို Social Media မှာပဲဖြစ်ဖြစ်၊ Magazine တွေ၊ Article တွေမှာပဲဖြစ်ဖြစ် မြင်ဖူးကြမယ်ထင်ပါတယ်။ Minimalist ဆိုတဲ့စကားလုံးကအခုမှပေါ်ပေါက်လာတာတော့မဟုတ်ပါဘူး။ ယခင် Vintage ခေတ်ထဲကရှိခဲ့တာဖြစ်ပြီး၊ 2000s ခုနှစ်ဝန်းကျင်မှာ နေထိုင်မှုဘဝတွေက Demand များလာတဲ့အချိန်မှာခေတ္တတိမ်မြုပ်သွားခဲ့ပြီး ခုနောက်ပိုင်းမှတစ်ကြော့ပြန်ခေတ်စားလာတယ်ဆိုရမှာပါ...
"ဆိုတော့ Minimalist ဆိုတာဘာလဲ"
ဘဝကိုရိုးရိုးရှင်းရှင်းနဲ့ကိလေသာအာရုံတွေ အနည်းဆုံးဖြစ်အောင်ဖြတ်သန်းနေကြတဲ့ Minimalist လို့ခေါ်တဲ့လူတစ်စုရှိပါတယ်။ Minimalism ကိုပိုင်ဆိုင်မှုနည်းနည်းနဲ့ရိုးရှင်းစွာနေထိုင်ခြင်း "Living with Less" လို့အကြမ်းဖျင်းနားလည်လို့ရပေမဲ့ တစ်ဦးနဲ့တစ်ဦးအဓိပ္ပာယ်ဖွင့်ဆိုပုံချင်းမတူတာကြတာကိုတွေ့ရပါတယ်။
တစ်ချို့က minimalism ကို
🔸ဘာသာရေးနဲ့ဆက်နွယ်ပြီးအဓိပ္ပာယ်ဖွင့်ပါတယ်။
တစ်ချို့ကကြကတော့
🔸မိမိကိုယ်ကိုနဲ့ တစ်ခြားသူတွေကိုအကျိုးပြုခြင်းလို့ခံယူထားပြီး၊
အချို့သောသူတွေက
🔸သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကိုထိန်းသိမ်းခြင်း၊
🔸မလိုအပ်တဲ့အပိုအလျှံတွေကိုလျှော့ချခြင်း၊
နောက်ပြီး
🔸Quality တစ်ခုအနေနဲ့တောင်သတ်မှတ်ကြသေးတဲ့ လူတန်းစားတစ်ရပ်တောင်ရှိပါသေးတယ်...
ဒီကွဲပြားမှုတွေကြားမှာ ဘုံတူတာတစ်ခုကတော့ ကျွန်တော်တို့အားလုံးဟာ Minimalism ကို ပေါ့ပါးချင်တာ၊ အေးချမ်းချင်တာ၊ ဘဝကြီးကိုရှင်းရှင်းလင်းလင်းဖြစ်သွားစေချင်တာနဲ့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းချင်တာအစရှိတဲ့တာတွေအတွက် ကျင့်သုံးနေကြတာပဲဖြစ်ပါတယ် ✨
"လိုအပ်တာတွေတော့ ရှိသင့်သလောက်ရှိရမယ်"
ဒီနေရာမှာလူတွေအမှတ်မှားတာက ကိုယ်ပိုင်ဆိုင်သမျှတွေကိုလျှော့ချမယ်ဆိုတာမျိုးပါ။ "Living with Less" ဆိုတာ "Living with None" ကိုဆိုလိုတာမဟုတ်တာကိုသတိချပ်ရပါမယ်။လူတိုင်းက ဝေသန္တရာမင်းမဟုတ်တဲ့အတွက်ကြောင့်ပိုင်ဆိုင်သမျှဥစ္စာတွေလှုပြီးတောထွက်လို့မရနိုင်ပါဘူး။ Minimalism ဆိုတာက ကိုယ့်အတွက်အရေးပါမဲ့အရာ၊ အလေ့အကျင့်၊ လူပုဂ္ဂိုလ်စတာတွေကိုချန်ထားပြီး မလိုအပ်တာတွေကိုစွန့်တဲ့၊ ဆန္ဒနောက်ကိုမလိုက်တဲ့သဘောပါပဲ...
"နောက်ပြီး ကိုယ့်အဆင့်အတန်း၊ အလုပ်အကိုင်နဲ့ကိုက်ညီအောင်ရှိသင့်သလောက်တော့ရှိရမယ်။"
ဥပမာပေးပြောရရင် ကျွန်တော်ကတက္ကသိုလ်ကျောင်းသားတစ်ယောက်ဆိုပါတော့။ တစ်ဖက်မှာလဲစာပြန်ပြရတဲ့ Tutor တစ်ယောက်ဆိုလဲဟုတ်ပါတယ်။ ဆိုတော့ ကျွန်တော်ကျောင်းသွားဖို့နဲ့ ကျောင်းအပြန်စာပြဖို့ အဝတ်အစားကထိုက်လျော်အောင်ဝတ်စားသင့်ပါတယ်။ Fashion အပြည့်အထာကျကျနဲ့လဲကျောင်းသွားဖို့မဖြစ်သလို၊ minimalist အဆန်လွန်ပြီး အိမ်တွင်း JJ ဘောင်းဘီနဲ့လဲကျောင်းလာလို့မဖြစ်ပါဘူး။ ကျောင်းနဲ့ စာသွားသင်ရတဲ့အိမ်က ကျွန်တော့်အိမ်နဲ့ဆိုမဝေးပါဘူး။ ဒါကိုသွားသွားလာလာအတွက်ဆိုပြီး ကားတစ်စီးကိုဈေးကြီးပေးဝယ်စရာလဲမလိုပါဘူး...
ဆိုလိုချင်တာက ကိုယ့်အတွက်ကိုက်ညီပြီးတော့လုံလောက်တဲ့ပိုင်ဆိုင်မှုရှိရင်ရပါပြီ။ ဆန္ဒကိုရှေ့ထားပြီးအပိုတွေမလိုချင်နဲ့လို့ဆိုလိုချင်တာပါ။ (ဒါကြောင့်လဲ minimalism ကိုဘယ်အခြေအနေမှဖြစ်မယ်ဆိုပြီး တိတိကျကျသတ်မှတ်ထားတာမရှိတာပါ)
"ပစ္စည်းဥစ္စာတွေပဲလား"
မဟုတ်ပါဘူး။ ကျွန်တော်တို့ phone တွေနဲ့ပဲဥပမာပေးရရင်၊ phone ထဲမှာမလိုအပ်ပဲ သိမ်းထား၊ down ထားတဲ့ file တွေဘယ်လောက်များရှိလိုက်မလဲ။ ဟိုဟာလေးကလဲအသုံးဝင်မှာပါလေ၊ ဒီ pdf လေးကလဲစိတ်ဝင်စားစရာလေးမို့ဒေါင်းထားလိုက်ပါဦးမယ်လေဆိုပြီး တစ်ခါမှပြန်ဖွင့်မကြည့်ဖြစ်တဲ့ file တွေသိမ်းထားတတ်တာကျွန်တော်တစ်ယောက်ထဲတော့ဟုတ်မယ်မထင်ပါဘူး။ မလိမ်ပါနဲ့ Facebook မှာ Education ဆိုတဲ့ Folder ကြီးဖွင့်ထားပြီးတစ်ခါမှမဖွင့်ဖြစ်ဘူးမလား...
တကယ်တော့မလိုအပ်တဲ့အရာတွေ ကိုယ့်ရဲ့ဘဝထဲကနေစွန့်ထုတ်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်တာတော့ သိပေမဲ့၊ ခုလိုအချိန်ကာလမျိုးမှာတော့ ကျင့်သုံးဖို့အကောင်းဆုံးပါပဲ။ စီးပွားရေးတွေကလဲကျပ်တည်းလာတဲ့အပြင်၊ စိတ်တွေကလဲမွန်းကြပ်နေကြတဲ့အချိန်မှာ ကိုယ့်ရဲ့အနားမှာမလိုအပ်ပဲရှိနေတဲ့အရာတွေကို တစ်နိုင်တစ်ပိုင်ဖယ်ထုတ်ရင်းနဲ့ ဝယ်ချင်နေတဲ့ပစ္စည်းတွေကိုလဲ ဆန္ဒကိုရှေ့မထားပဲ လိုအပ်တာလောက်ကိုဝယ်သင့်ပါတယ်။ ပိုက်ဆံလဲချွေတာရာရောက်သလို၊ ပိုကုန်မဲ့ပစ္စည်းကိုမဝယ်လိုက်တာကြောင့် တကယ်လိုအပ်တာကို Quality ကောင်းကောင်းနဲ့လဲဝယ်သုံးလို့ရသွားတာပေါ့။
စွန့်ထုတ်တယ်ဆိုတဲ့နေရာမှာလဲ ဒီတိုင်းကြီးလွှတ်ပြစ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ တခြားလိုအပ်တဲ့သူတစ်ယောက်ယောက်ကိုပေးလိုက်တာဖြစ်ဖြစ်ဆိုရင် လှုရာတန်းရာလဲရောက်ပါတယ်။ အဲ့တာအပြင်ကိုမှ အရေးကြီးဆုံးက သဘာဝပတ်ဝန်းကျင်ကိုလဲထိန်းသိမ်းပြီးသားဖြစ်သွားတာပေါ့။ ဒါကြောင့်လဲဖွံဖြိုးတဲ့နိုင်ငံတွေမှာ ရာသီဥတုပြောင်းလဲမှုတွေကိုထိန်းသိမ်းဖို့ Minimalist ဆန်ခြင်းအားဖြင့်ရေရှည်အစီအစဥ်တွေချနေကြတာပါ။
"ဘုရားက ဘယ်လိုဟောခဲ့သလဲ"
Minimalist ဆိုရင်လူကြီးတွေက အထူးအဆန်း term တစ်ခုလိုမြင်နေကြမှာပါ။ တကယ်က 'သန္တုဿကောစ' ဆိုတဲ့စကားလုံးက ဘုရားဟောထဲမှာပါပြီးသားပါ။ ပါဠိစကားမလို့ စိမ်းတယ်တော့မထင်လိုက်ပါနဲ့။ ကျွန်တော်တို့နေ့စဥ်ရွတ်နေကြ မေတ္တာသုတ်ဒုတိယအပိုဒ်မှာပါပါတယ်။ အဓိပ္ပာယ်ကတော့ 'ရောင့်ရဲတင်းတိမ်လွယ်သူဖြစ်ရာ၏' ဆိုပြီးပဲဖြစ်ပါတယ်။
ရောင့်ရဲတယ်ဆိုတာကတော့ ရသမျှ၊ ရှိသမျှနဲ့တင်းတိမ်နှစ်သက်နိုင်တာကို ဆိုလိုတာပါ...
လူတစ်ယောက် မေတ္တာပွားနိုင်ဖို့၊ ပြည့်စုံဖို့ဆိုတာ ရောင့်ရဲတတ်ခြင်းကအရေးကြီးပါတယ်။ မေတ္တာသုတ်တွေ၊ မဂ်လသုတ်တွေရွတ်ရုံနဲ့ မေတ္တာတရားကြီးတဲ့သူ၊ မဂ်လာတရားနဲ့ပြည့်စုံတဲ့သူဖြစ်မလာပါဘူး။ ကိုယ်တိုင်ကကျင့်သုံးမှရမှာပါ။ ဒီလိုကျင့်သုံးဖို့အတွက် Minimalism ကအထောက်အကူဖြစ်စေနိုင်ပါတယ်။
🔹ယနေ့ခေတ်မှာ Minimalism ကနယ်ပယ်တိုင်းမှာအတော်လေးနေရာယူလာတာကိုသတိထားမိမှာပါ။ ဒီနေ့မှာတော့ ရိုးရှင်းရောင့်ရဲတဲ့ Minimalism နဲ့ပတ်သတ်ပြီးတွေးစရာတစ်ခုခုတော့ရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျ။ TYTimers တို့အနေနဲ့ကော Minimalism ကိုဘယ်လိုမှတ်ယူထားလဲဆိုတာဝင်ရောက်ဆွေးနွေးပေးသွားပါဦးဗျ။ နောက်အပတ်မှာလဲ "Minimalism ဆန်ဆန်ဘယ်လိုနေထိုင်ရမလဲ" ဆိုတာကိုဆွေးနွေးပေးသွားဦးမှာမို့လို့ Stay Tuned ပါနော်။
အားလုံး ကောင်းမွန်တဲ့နေ့သစ်လေး ပိုင်ဆိုင်နိုင်ပါစေခင်ဗျ 🙆♂️
#Barry
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments