"မကြိုးစားနဲ့"
အတော်များများက 2022 Planner Set တွေဘယ်လိုချသင့်ကြောင်း၊ ဘာတွေပိုကောင်းအောင်ကြိုးစားသင့်ကြောင်းတွေ တင်ပေးနေချိန်မှာ "မကြိုးစားနဲ့" ဆိုတော့ ဘာလဲဟလို့တော့ထင်ကောင်းထင်မိလိမ့်မယ်။
ဒီလိုခေါင်းစဥ်တပ်လိုက်တာက အတော်လေးဒွိဟဖြစ်သွားစေနိုင်ပါတယ်။ ခုပြောပြမယ့်အကြောင်းအရာတွေကိုလည်း ဖတ်မိရင်တလွဲအဓိပ္ပာယ်ကောက်မိနိုင်တဲ့ နာမည်ကြီး " ဂရုမစိုက်ခြင်း အနုပညာ" စာအုပ်ကနေထုတ်နုတ်ဖော်ပြထားတာဖြစ်ပါတယ်။
မကြိုးစားနဲ့ 🔸
လောင်းကစားလုပ်၊ မိန်းမလည်းပွေတဲ့ ငမူးငရူး အရက်သမားတစ်ယောက်ရှိတယ်။ တစ်ခါတစ်လေ စိတ်ကူးပေါက်ရင်တော့ စာလေး၊ ကဗျာလေးရေးရှာပါတယ်။ သူ့လိုလူတစ်ယောက်ဆီကတော့ ဘယ်သူမှလာပြီး ဘဝတိုးတက်ရေးအကြံဥာဏ်တွေတော့လာတောင်းမှာမဟုတ်လောက်ဘူး။
သူကစာရေးစရာတစ်ယောက်ဖြစ်ချင်တာ၊ ဒါပေမဲ့ သူ့ရဲ့စာအရေးအသားကကြမ်းတော့ စာအုပ်တိုက်တွေကမငှားကြဘူး။ ဒီလိုနဲ့ စာတိုက်မှာ စာအိတ်စီတဲ့အလုပ်ကို မဖြစ်စလောက်လခနဲ့ လုပ်နေရတာပေါ့။ မူးရူးပြီးအိမ်ပြန်ရောက်လာပြီဆို လက်နှိပ်စက်အဟောင်းလေးနဲ့ စာလေး၊ ကဗျာလေးရေးတတ်တယ်။ ဒီလိုနဲ့ နှစ် (၅၀) လောက်လုံးထွေးရင်း လုပ်လာပြီးတဲ့အချိန်မှာ စာတိုက်အသေးလေးတစ်ခုကနေပြီးတော့ သူ့ကိုစာအုပ်တစ်အုပ်ထုတ်ပေးဖို့ အခွင့်အရေးပေးလာပါရော၊ ဆိုတော့ စာတိုက်မှာစိတ်ညစ်ခံနေမယ့်အစား ရတဲ့အခွင့်အရေးကိုဖမ်းဆုပ်လိုက်တာပေါ့...
ဒီလိုနဲ့ သူ့ရဲ့ ပထမဆုံးဝတ္ထုကို "စာတိုက်" ဆိုတဲ့နာမည်နဲ့ထုတ်ဝေခဲ့တယ်။ မခန့်တာက စာအုပ်အဖွင့်မှာလည်း "မည်သူ့အတွက်မှမဟုတ်" ဆိုပြီးရေးထားသေးတယ်။ ဒီလိုနဲ့စာအုပ်နှစ်သန်းကျော်ရောင်းရတဲ့ထိကိုနောက်ပိုင်းမှာအောင်မြင်သွားတယ်။ ဒီလို ဇာတ်လမ်းမျိုးကကျွန်တော်တို့ပတ်ဝန်းကျင်မှာ မိဘတွေကဖြစ်ဖြစ်၊ စာသင်ကျောင်းမှာဖြစ်ဖြစ် ကြားနေကြမျိုးပေါ့။ မြန်မာကားရိုက်ချင်စရာဇာတ်လမ်းမျိုး။ 'လိုချင်တာကိုမရမကကြိုးစားတယ်၊ သူ့ကိုယ်သူလည်းယုံတယ်၊ အရှုံးမပေးတဲ့အတွက် နောက်ဆုံးမှာပန်းတိုင်ရောက်သွားတယ်၊ အတုယူပြီးကြိုးစားကြ' ဒီလိုမျိုးပေါ့။
ဒါပေမဲ့ ဒီလူသေတဲ့အချိန်မှာ သူ့အုတ်ဂူမှာစာတစ်ကြောင်းထွင်းခိုင်းသွားခဲ့တယ်။ "မကြိုးစားနဲ့" တဲ့...
အောင်မြင်သွားခဲ့တဲ့တိုင်အောင် ဒီလူကအလကားလူဖြစ်နေတုန်းပဲ။ ဒါကို သူကိုယ်တိုင်လည်းသိတယ်။ သူအောင်မြင်ခဲ့တယ်ဆိုတာ ကြိုးစားလို့၊ ပြောင်းလဲလိုက်လို့မဟုတ်ဘူး။ သူအသုံးမကျခဲ့တာတွေ၊ အဆိုးဆုံးအချိန်တွေကို တခြားသူတွေကဲ့ရဲ့မှာကိုဂရုမစိုက်ဘဲ ရေးလို့အောင်မြင်ခဲ့တာ။ လူကောင်းတော့ဖြစ်မသွားခဲ့ဘူးလေ။
ပိုကောင်းတဲ့ ဘဝ ဆိုတာ 🔸
ကျွန်တော်တို့ဘဝမှာလည်းဒီလိုပဲ၊ ပိုပျော်ချင်တယ်၊ ပိုချမ်းသာချင်တယ်၊ ပိုတော် ပိုတတ်ချင်တယ်၊ ပိုလှချင်တယ်၊ အလုပ်ဆိုရင်တောင် ကမ္ဘာကိုကယ်တဲ့အလုပ်မျိုးတောင်လုပ်ချင်ကြတဲ့အထိကို မျှော်လင့်ချက်တွေကြီးကြတယ်။ ဒီလို'ပိုရှိဖို့'ဆိုတဲ့သံသရာထဲမှာ သားကောင်လိုဖြစ်လာကြတယ်။ ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်နေတော့ ပိုကြိုးစားဖို့ပဲ တိုက်တွန်းခံနေရတာပေါ့။ ကျွန်တော်ဒီလိုပြောလိုက်လို့ ပညာရေးနဲ့ပတ်သတ်ပြီး 'ပညာဟူသည် ပိုသည်မရှိ' တို့၊ 'သင်ယူခြင်းဆိုတာ ရပ်တန့်မသွားပါ' တို့နဲ့ ပြန်ထောက်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်ပြောတဲ့ မကြိုးစားနဲ့ရဲ့ အဓိပ္ပာယ်ကိုနားလည်မယ်ထင်ပါတယ်။
ဒီ ပိုကြိုးစားမှုတွေထဲမှာ ကျွန်တော်တို့စိတ်မဝင်စားတာတွေလည်းပါနိုင်တယ်၊ ပိုတော်ချင်တော့လည်းလုပ်ရတာပေါ့။ အထူးသဖြင့် ဒီနိုင်ငံရဲ့ မိဘအုပ်ထိန်းမှုစနစ်နဲ့၊ ပတ်ဝန်းကျင်ရဲ့ စံသတ်မှတ်ချက်တွေအောက်မှာနေရတာများတဲ့ လူငယ်တွေအနေနဲ့ ငယ်တဲ့အချိန်မှာ ကိုယ်ဝါသနာပါတာကိုရုံးထွက်ပြီးလုပ်ဖို့က ခက်ခဲနိုင်တယ်။ ပျော်ရွှင်တဲ့ဘဝဆိုတာ ပိုရှိရမယ်ဆိုတဲ့ စံသတ်မှတ်ချက်ကိုက ဒီမှာထုံးစံတစ်ခုလိုဖြစ်နေပြီ။ အတွေးအခေါ်ပညာရှင် Alan Watts ပြောသလိုမျိုးဆိုရင် -
" ပျော်ရွှင်မှုဆိုတာ ဘာလဲလိုက်ရှာနေရင်ဘယ်တော့မှပျော်မှာမဟုတ်ဘူး။ လိုက်ရှာနေတယ်ဆိုတည်းကိုက ကိုယ့်မှာမရှိဘူးလို့ ခံယူထားလို့ပဲ"
ဆိုတော့ "မျက်နှာလှလှလေးတွေ၊ ပညာရေးဆုတွေ၊ ပစ္စည်းအကောင်းစားတွေ" ကိုကောမေ့ထားလိုက်ရတော့မှာလား၊ မကြိုးစားရတော့ဘူးလားဆိုရင်တော့ ဘယ်ဟုတ်ပါ့မလဲ။ ကိုယ်စိတ်မဝင်စားဘဲနဲ့ ကြိုးစားနေရတဲ့ စံသတ်မှတ်ချက်တွေကိုဂရုမစိုက်ဖို့ကိုပြောနေတာပါ။ ခုခေတ်ကတော့ Facebook မှာ သူများက ပုံလှလှလေးတင်ပြီး ပျော်နေတာမြင်တာနဲ့ 'ငါကကောဘာလို့မပျော်ရတာလဲ၊ ဘာများမှားလို့လဲ၊ ဘာတွေလိုအပ်နေသေးတာလဲ' ဆိုပြီးစိတ်အနှောင့်အယှက်ဖြစ်တတ်ကြတယ်။ အရာရာတိုင်းမှာ အကောင်းဆုံးဖြစ်ချင်လို့တော့ဘယ်ရမလဲ
ရေးခဲ့ဖူးတဲ့ Minimalist နဲ့ဆက်ရမယ်ဆိုရင် ကိုယ့်အတွက်အရေးကြီးမှာကိုအချိန်ပေးပါ၊ နောက်ပြီး မလုံလောက်ဘူးဆိုတဲ့အတွေးတွေကိုဖယ်ထုတ်ပြီးတော့ ရောင့်ရဲတင်းတိမ်တတ်ဖို့လည်းအရေးကြီးပါတယ်။ ဂရုမစိုက်ခြင်းအနုပညာဆိုတာ တုပ်တုပ်မှမလှုပ်ဘဲလောကကြီးကိုအရွဲ့တိုက်တာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ရဲ့ စံသတ်မှတ်ချင်တွေကိုဂရုမစိုက်ဘဲ အများနဲ့မတူကွဲပြားအောင် လက်ခံတတ်တာကိုပြောတာပါ။
အခုချိန်မှာ အကုန်လုံးကပိုကောင်းတဲ့ နှစ်တစ်နှစ်ကိုစဖို့ အစချီနေကြမှာဆိုတော့ ကျွန်တော်ပြောခဲ့တာတွေကြောင့်တွေဝေမနေပါနဲ့။ အဓိကကတော့ Minimalist မှာပြောခဲ့တာတွေကိုပဲပြန်သတိပေးတာပါ၊ ဒါကတော့ ရှုထောင့်တစ်မျိုးနဲ့ပေါ့။ 'ကြိုးစားပါ ဒါပေမဲ့ ကိုယ်အတွက်အရေးပါတာတော့ဖြစ်ပါစေ' 💖
အားလုံး ကောင်းသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေ 🙆♂️✨
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments