စွန့်လွှတ်တတ်ခြင်းအနုပညာ (သို့) Minimalism
ပြီးခဲ့တဲ့တစ်ခေါက်က "Minimalism နှင့် ခေတ်ကာလ" ဆိုပြီးတင်ပေးခဲ့တုန်းက Minimalism ရဲ့အခြေခံသဘောတရားကို သာဓကလေးတွေနဲ့ရှင်းပြခဲ့တာမှတ်မိကြဦးမယ်ထင်ပါတယ်။ ရေးရင်းနဲ့ မေတ္တာသုတ်တွေပါပါလာတော့ တရားများပေါက်သွားပြီလားတွေးနေခဲ့တာပါ။ နောက်တစ်ပုဒ်ထပ်ရေးပေးမယ်ဆိုပြီး အတော်ကြာမှရေးရလို့ မျှော်နေကြမယ်လို့လည်းထင်ပါတယ်...
Minimalism : The Art of Letting Go 🔸
ဒီစကားကို ရောင်းအားအကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်တဲ့ "The More of Less" ရေးသားတဲ့ Joshua Backer ကသူ့စာအုပ်ထဲမှာ Minimalism ရဲ့အဓိပ္ပာယ်ကိုဒီလိုဖွဲ့ဆိုထားတာပါ။ ပြီးခဲ့တဲ့တစ်ခေါက်ကပြောခဲ့ဖူးသလိုပဲ Minimalism ကိုလူတစ်ယောက်ချင်းစီကဖွင့်ဆိုပုံခြင်းမတူကြဘူး။ ဒီလိုနာမည်ရပြီးသား စာရေးဆရာတွေ၊ Influencers တွေတောင်မှပဲမတူတဲ့အမြင်တွေရှိကြတာကိုသတိထားမိမှာပါ။
ကျွန်တော်တစ်နေ့ကအမေ့ကို အိမ်ကူရှင်းပေးရင်းနဲ့အဖေ့ရဲ့ဗီဒိုအဟောင်းထဲကနေ သူငယ်ငယ်ကဝတ်ခဲ့တဲ့ Jacket အဟောင်းတွေ၊ Shirt အပွအဟောင်းတွေ၊ Jean အပွတွေထွက်လာပါရော။ ထုတ်မဝတ်၊ ထုတ်မကြည့်တာဘယ်လောက်ကြာပြီလဲဆိုတာ ဖုန်တွေတောင်အလိမ်းလိမ်းနဲ့။ တချို့ဟာတွေဆို ရိလို့ပြဲတောင်ပြဲနေပြီ။
လူကြီးဆိုတော့ အမှတ်တရအနေနဲ့သိမ်းထားတာမှန်ပေမဲ့ အိမ်ကဘယ်သူမှထုတ်ဝတ်တာလဲမရှိတော့နေရာရှုပ်နေတာပဲအဖတ်တင်တယ်။ နောက်ပြီး အဖေကလျှပ်စစ်ပစ္စည်းတွေသိမ်းတတ်တဲ့အကျင့်ရှိတယ်။ ပစ္စည်းလေးတွေပျက်ရင်ပြင်ရအောင်ဆိုပြီး တန်ဆာပလာတွေအထုပ်လိုက်၊ ပုံးလိုက်သိမ်းထားပေမဲ့ တစ်ခါမှသုံးဖြစ်တယ်မရှိဘူး။ တစ်ခုခုပျက်ရင်ဝယ်လိုက်တာကများတယ်။ ဆိုတော့ အပိုအလျှံတစ်ခုကိုနေရာပေးထားသလိုဖြစ်နေတာပေါ့...
ဒီဘက်ခေတ်အိမ်တစ်အိမ်မှာဆိုရင် မလိုအပ်ပဲစုထားမိတဲ့ပစ္စည်းပေါင်းရာနဲ့ချီရှိတတ်ပါတယ်။ ဒီပစ္စည်းတွေအကုန်လုံးကိုတော့'နေ့တစ်ဒူဝ'ဘယ်သူမှမသုံးပါဘူး။ ပစ္စည်းတွေရှုပ်လာတော့တကယ်လိုအပ်တဲ့အရာတွေပါရောပြီးတော့ဘယ်နားထားမိမှန်းမသိတာတွေဖြစ်လာတတ်တယ်။ ကြာလာတော့ ခဏခဏရှင်းနေရတော့စိတ်လဲပင်ပန်းလာရတယ်။
တချို့လူကြီးတွေဆို ပါဆယ်မှာရင်ရတဲ့ ဘူးတွေ၊ ခွက်တွေ၊ အိတ်တွေကိုပြန်သုံးဖြစ်တာလဲမဟုတ်ဘဲမလွှတ်ပစ်ရက်ကြဘူး။ တချို့ဆိုသူတို့ကလေးတွေငယ်ငယ်က စာအုပ်လေးတွေ၊အဝတ်အစားတွေ၊ အသုံးအဆောင်လေးတွေကိုအမှတ်တရဆိုပြီးကြီးတဲ့ထိကိုသိမ်းထားတုန်း။ တကယ်ကအမှတ်တရကိုကြားခံပြီးတော့ပစ္စည်းဥစ္စာတွေအပေါ် စိတ်တွယ်ကပ်နေတတ်ကြတာပေါ့...
"အမှတ်တရတွေကို ကျွန်တော်တို့တွေကဖန်တီးကြတယ်။ ဒါပေမဲ့ ဒီအမှတ်တရတွေကိုအမြဲအောက်မေ့အမှတ်ရနေဖို့ဆိုတာက နှလုံးသားရဲ့အလုပ်ပါ..."
စွန့်လွှတ်တတ်ရမယ် 🔸
အရင်တစ်ခေါက်ကပြောခဲ့သလိုပဲ 'Living with Less' ဆိုတာ 'Living with None' မဟုတ်တာကိုသတိချပ်ရပါမယ်။ လူတိုင်းကဝေသန္တရာမင်းမဟုတ်တဲ့အတွက်ပိုင်ဆိုင်မှုအကုန်လုံးကိုစွန့်လွှတ်စရာမလိုပါဘူး။ ကိုယ့်ရဲ့နေ့စဥ်ဘဝမှာဘယ်အရာတွေကအရေးကြီးပြီး ဦးစားပေးဖြစ်လဲ၊ ဘယ်အရာတွေကတော့အပိုအလျှံဖြစ်နေလဲဆိုတာကိုအရင်သုံးသပ်ကြည့်ပါ။ ဒီအရာတွေထဲမှာ ကိုယ်ရဲ့ပိုင်ဆိုင်မှု၊ မိသားစုအသိုင်းအဝိုင်း၊ သူငယ်ချင်းမိတ်ဆွေ၊ ကိုယ့်ရဲ့လုပ်ဆောင်မှုတွေ ဘယ်ဟာမဆိုဖြစ်နိုင်ပါတယ်။
ဒီထဲမှာမှ ကိုယ်မလိုအပ်တဲ့အရာတွေကိုစွန့်သင့်ရင်စွန့်ရမယ်။ ဒီလိုလုပ်ခြင်းကသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာလဲရောက်သလို၊ မလိုအပ်တာတွေကိုအာရုံစိုက်နေစရာမလိုတဲ့အတွက် ကိုယ့်အတွက်အရေးကြီးတာတွေကိုအချိန်ပိုပေးဖြစ်ရာလဲရောက်တာပေါ့။
ပစ္စည်းဥစ္စာနဲ့ လူ့အသိုင်းအဝိုင်းပဲလား ❔
မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့စိတ်ကူးအတွေးတွေကအဓိကပါ။ ခုဏကပြောတဲ့ပစ္စည်းတွေအပေါ်သံယောဇဥ်တွယ်တယ်ဆိုတာက ဒီပစ္စည်းတွေမှာရှိတဲ့အမှတ်တရတွေကိုကျွန်တော်တို့စိတ်ကလိုက်တွယ်တာနေတာပါ။ တချို့ဆိုရင် Relationship ပြတ်စဲသွားတာတောင် အချိန်ကြာတဲ့ထိစိတ်ထဲကမထုတ်နိုင်ဘဲ စိတ်သောကရောက်နေရတာတွေ၊ သူများတွေရဲ့ဘဝတွေကိုကြည့်ပြီး စိုးရိမ်ပူပန်နေတာတွေ၊ စိတ်ဓာတ်ကျပြီး အားမလိုအားမရဖြစ်တာတွေရှိပါတယ်။
ဒီအရာတွေကို တစ်နိုင်တစ်ပိုင်စွန့်လွှတ်လာတဲ့အခါမှာ Minimalist တွေရဲ့ဘဝက
✨ အချိန်ကုန်သက်သာလာတယ်
မနက်အပြင်သွားရမဲ့အခါကိုယ်တကယ်သုံးတဲ့အဝတ်အစားတွေ၊ အသုံးအဆောင်တွေပဲထားတဲ့အတွက် "ဒီနေ့ဘာဝတ်ရမလဲ" စဥ်းစားရတာနဲ့ခေါင်းမခြောက်တော့ဘူး။ မတော်တဲ့အဝတ်တွေသူများကိုပေးပြစ်မယ်ဆိုရင် လှူရာတန်းရာလဲရောက်ပါတယ်။
✨ ချစ်ရတဲ့သူတွေကိုပိုအချိန်ပေးဖြစ်လာတယ်
ကိုယ့်အတွက်အရေးမပါမဲ့သူတွေကိုဖယ်ထုတ်ထားတဲ့အတွက် ချစ်ရတဲ့သူတွေ၊ ချစ်ရတဲ့အရာတွေအပေါ်ပိုပြီး ဂရုစိုက်လာနိုင်တယ်။ အချိန်လဲပေးဖြစ်လာတော့ နွေးထွေးမှုဆိုတာကိုလဲခံစားလာရတယ်။
✨ ပစ္စုပ္ပန်မှာပဲနေထိုင်တတ်လာတယ်
မလိုအပ်တဲ့အတွေးတွေနဲ့ စိတ်ပူပင်ပြီးသောကရောက်မနေတော့တဲ့အတွက် သူတို့ဘဝတွေက ပေါ့ပါးတယ်။ အတိတ်ကအတွေးတွေထဲမှာပဲပိတ်မနေတော့ဘဲနဲ့ လက်ရှိမှာအကောင်းဆုံးနေထိုင်နိုင်တော့ လွတ်လပ်မှုကိုလဲရတယ် 🤍
ဘယ်လိုပဲတစ်ယောက်နဲ့တစ်ယောက်အမြင်မတူသည်ဖြစ်စေ Minimalism ရဲ့အခြေခံသဘောတရားထဲကတစ်ခုဖြစ်တဲ့ 'စွန့်လွှတ်တတ်ခြင်း' ကိုတော့မေ့ထားလို့မရပါဘူး။ အရင်တစ်ခေါက်က ရောင့်ရဲတင်းတိမ်တတ်ဖို့ကိုကျွန်တော်ပြောခဲ့တယ်။ ဘုရားဟောနဲ့ပြန်ဆက်ရမယ်ဆိုရင် ပြည့်စုံတဲ့သူ၊ မင်္ဂလာရှိတဲ့သူဖြစ်ဖို့ဆိုတာ ရောင့်ရဲရုံနဲ့တင်မရဘူး၊ မလိုအပ်တဲ့အရာတွေကိုလဲစွန်လွှတ်တတ်ရမယ်ဆိုတာ အရေးကြီးပါတယ်...
ကျွန်တော့်အတွက်ကတော့ Minimalism ကို Mindset တစ်ခုအနေနဲ့မြင်မိတယ်။ ဘယ်လို Mindset လဲဆိုတော့ လွတ်လပ်မှုကိုရှာဖွေတဲ့ Mindset ပါ။ ကန့်သတ်ချက်တွေ၊ ချုပ်တည်းမှုတွေမရှိဘဲနဲ့မလိုတာတွေကိုမသုံးတာ၊ အရည်အတွက်ထက် အရည်အသွေးကိုဦးစားပေးတာ၊ ကိုယ့်ချစ်တဲ့အရာလေးတွေနဲ့ပဲ နေထိုင်တတ်တာမျိုးပေါ့...
Minimalism ကိုတချို့ကပျင်းစရာကြီးလို့မြင်ကြတာလဲရှိတယ်။ Decluttering ကိုခုမှစပြီးကျင့်သုံးကြည့်မယ်ဆိုရင်တော့တစ်နေ့ထဲနဲ့ ဝုန်းဒိုင်းရှင်းရုံနဲ့ပြီးမှာမဟုတ်ပါဘူး။ တစ်နေ့ပြီးတစ်နေ့ဖြည်းဖြည်းချင်းဆီ ကျင့်ယူပြီး စွန့်လွှတ်ရင်းနဲ့ ပေါ့ပါးတဲ့ဘဝလေးတစ်ခုရကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ အားလုံး ကောင်းသောနေ့လေးဖြစ်ပါစေ ✨🍂
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments