သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းကြမယ်

Details

ကျွန်တော်ငယ်ငယ်က အိမ်‌ရှေ့မှာလယ်ကွင်းတွေရှိတယ်။ စိုက်ပျိုးရေးမလုပ်ကြတော့ မြက်ရိုင်းတွေနဲ့ပေါ့။ လယ်ကွင်းတွေကြားထဲ တစ်ကိုယ်စာလူသွားလမ်းလေးတွေကနေ ဦးလေးအိမ်ကိုအဖိုးနဲ့လမ်းလျှာက်ထွက်လေ့ရှိတယ်။ လမ်းသွားရင်း ပိုးကောင်မည်းမည်းလေးတွေကို လက်ခုပ်နဲ့ဖမ်းဆော့ရတာကလည်းပျော်စရာလို့ ထင်ခဲ့ပါတယ်။ ကျွန်တော် ခြောက်တန်း၊ ခုနစ်တန်းလောက်ရောက်တော့ လမ်းတွေက ကွန်ကရစ်လမ်းတွေဖြစ်ကုန်ပြီ။ အဲ့ကွန်ကရစ်လမ်းပေါ်မှာ ညနေအချိန်ဆိုဘောလုံးကန်ကြတယ်။ ‌ညနေတော်တော်လေးစောင်းရင် တိမ်နီတွေနဲ့နေမင်းကြီးကသိပ်လှတာပဲဗျာ။ တစ်ရက်တလေဘောလုံးမကန်တဲ့နေ့ဆိုရင်တောင် စက်ဘီးစီးရင်သွားကြည့်ခဲ့တာပေါ့။ အဲ့နားက ကျုးကျော်လို့နာမည်တပ်တဲ့အိမ်တွေက ကိုယ်တုံးလုံးနဲ့ကလေးတွေကလည်း စက်ဘီးစီးနေတဲ့ ကလေးတွေတွေ့ရင်ငေးကြည့်နေတတ်တာကိုလည်း သတိထားမိတယ်။ အခုချိန်မှာတော့ ထိုနေရာတွေကိုလည်း တိုးချဲ့ရပ်ကွက်ဆိုပြီး အိမ်အသစ်တွေဆောက်ကြ၊ လူအသစ်တွေရောက်လာကြတော့ ဘောလုံးကန်စရာနေရာလည်းမရှိတော့သလို အဆောက်အအုံတွေကွယ်ကုန်တော့ နေကိုလည်းအထူးတလည်မကြည့်ဖြစ်တော့ဘူး။

မြို့ပြယဥ်ကျေးမှုထွန်းကားလာမှု၊ စက်ရုံအလုပ်ရုံများတိုးချဲ့များပြားလာမှုကြောင့် ရန်ကုန်ကအရင်အချိန်တွေတုန်းကထက်ပိုပြီး အလုပ်သမားတွေများလာတယ်။ အမှိုက်တွေများလာတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေပိုများလာတယ်။ တစ်နှစ်ထက်တစ်နှစ်ပိုပိုပြီး အမှိုက်တွေများလာပေမယ့် စနစ်တကျစွန့်ပစ်တာမျိုးတွေမရှိတော့ အမှိုက်ပုံကြီးတွေကတော့ ကြီးသထက်ကြီးလာတယ်။ နွေရာသီလေကြောင်းသင့်တဲ့အချိန်တွေဆို အနီးအနားရပ်ကွက်တွေက အမှိုက်နံ့ကို ရူနေရတယ်။ မိုးရာသီဆိုလည်း ရေတတ်တဲ့ပြဿနာကြောင့် ကောင်းကောင်းမနေရဘူး။ ဆောင်းရာသီရောက်ရင်ကောင်းကောင်းနေရမယ် မထင်နဲ့။ လမ်းလျှောက်ရင် အမှိုက်မီးရှို့နံ့ကို ရှုနေရတယ်။ မကြည့်သာလို့မသိတာပါ။ ကျွန်တော်တို့ပတ်ဝန်းကျင်သေးသေးလေးမှာတောင် ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကရှိနေပါတယ်။ အဲ့တော့ ဒီလိုပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ လျော့နည်းသွားအောင်ဘယ်လိုလုပ်ကြမလဲ။

ပထမဆုံးအမှိုက်ပစ်တာနဲ့စကြရအောင် - အမှိုက်ပစ်တာကလွယ်ပေမယ့် အမှိုက်ကောက်တာတော့ ဘယ်သူမှမလုပ်ချင်ကြပါဘူး။ ဒါကြောင့် အမှိုက်ကို စနစ်တကျစွန့်ပစ်ကြရပါမယ်။ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ခြင်း၊ Reduce Repair Reuse ဆိုတဲ့ 3R စနစ်တွေကို အသုံးပြုကြဖို့ တိုက်တွန်းချင်ပါတယ်။

Reduce - အထူးသဖြင့် ပလတ်စတစ်ကို သိသိသာသာလျော့ချရမှာပါ။ ပလတ်စတစ်အပြင် အခြားအသုံးအဆောင်တွေကိုပါ လျော့ချနိုင်ရင် ပိုကောင်းပါတယ်။ ဝယ်ယူပစ္စည်းနည်းလေ အမှိုက်နည်းလေဖြစ်မှာပါ။ Minimalist lifestyle တွေလည်းခေတ်စားလာပြီဆိုတော့ အကျယ်တဝင့် မပြောတော့ပါဘူး။

Reuse - အရာဝတ္တုလေးတွေကို ပြန်လည်အသုံးပြုခြင်းကလည်း သဘာဝပတ်ဝန်းကျင်အတွက်အထောက်အကူပြုမှာပါ။ ပြန်လည်အသုံးမပြုချင်ဘူးဆိုရင်တော့ ပြန်လည် ‌ရောင်းချလို့ရပါတယ်။

Recycle – Recycle products တွေကလည်း ပတ်ဝန်းကျင်အတွက် တကယ်အကျိုးရှိပါတယ်။ အချို့ စီးပွားဖြစ် recycle products တွေထုတ်လုပ်တဲ့ company တွေလည်းရှိနေပါပြီ။ အချို့လူငယ်တွေကလည်း recycle products တွေနဲ့ တပိုင်တနိုင် online business လုပ်တာကလည်း စီးပွား‌ရေးအရ ဖြစ်စေ၊ သဘာဝပတ်ဝန်းကျင်အတွက်ဖြစ်စေ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ ပြည်ပမှာဆိုရင်လည်း Adidas တို့လို Brand တွေကတောင် recycled plastics တွေကိုပြန်လည်အသုံးချနေကြပါပြီ။

ဒုတိယ‌အနေနဲ့တော့ မိမိအိမ်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးပါ - ‌မိမိအိမ်နှင့်ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်းထားတာကလည်း အ‌ရေးကြီးတဲ့ကိစ္စရပ်တစ်ခုပါ။ အထူးသဖြင့် ရေမြောင်းပိတ်ဆို့တာတွေ၊ အမှိုက်ပုံဖြစ်နေတာတွေက အဆင်မပြေတဲ့ပြဿနာတွေဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အဖွဲ့အလိုက် သန့်ရှင်း‌ရေးလုပ်တာဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေနှင့် ပူးပေါင်းလုပ်ဆောင်တာဖြစ်ဖြစ် ပတ်ဝန်းကျင်သန့်ရှင်းရေးကို လုပ်ဆောင်သင့်ပါတယ်။

တတိယအနေနဲ့တော့ Home Gardening ပါ- ဒီအလေ့အထက မြန်မာနိုင်ငံမှာ အရမ်းမတွင်ကျယ်ပေမယ့် အချို့ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ ခေတ်စားတဲ့ပုံစံတစ်ခုဖြစ်ပါတယ်။ ကိုယ့်အိမ်ရဲ့မြေကွက်လပ်တစ်နေရာရာမှာ အပင်လေးတွေကိုစိုက်ပျိုးခြင်းအားဖြင့် စိတ်လန်းဆန်းတက်ကြွစေမှာပါ။ Gardening အဆင့်ထိမ‌ရောက်ပေမယ့် အချို့အိမ်တွေမှာလည်း အလှပန်းအိုးလေးတွေ စိုက်ပျိုးထားကြတာကလည်း ကောင်းမွန်တဲ့လုပ်ဆောင်ချက်တစ်ခုပါ။

ဒီလောက်ဆို ကျွန်တော်တို့ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေ လျော့နည်းအောင် လျော့ချနိုင်မည့် နည်းလမ်းလေးတွေကို သိနားလည်ပြီး လိုက်နာနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ ကျွန်တော်တို့ တစ်ယောက်စီတိုင်းမှာ တာဝန်ရှိပေမယ့် အဓိကဖြစ်တဲ့ waste management လို ကိစ္စရပ်တွေမှာတော့ နိုင်ငံတော်အဆင့်အထိ တာဝန်ရှိပါတယ်။ လောလောဆယ်အခြေအနေတွေမှာတော့ ကောင်းတဲ့ကိစ္စတွေဖြစ်လာသေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် မျှော်လင့်တဲ့အချိန်တွေရောက်လာရင်တော့ အလှဆုံးပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းလေးနဲ့ပဲ ကြိုဆိုကြရအောင်ဗျား။

#ChitKO
#Environmental
#takeyourtimemyanmar


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!