သီတင်းကျွတ်ကန်တော့ခြင်း
ဒီနေ့ဆို မြန်မာ့ရိုးရာပွဲတော်တွေထဲက လေးနက်တဲ့၊ နွေးထွေးတဲ့၊ ရိုမန့်တစ်ခ် ဆန်တဲ့၊ လွမ်းစရာရသတွေနဲ့ ပြည့်နေတဲ့ သီတင်းကျွတ် မီးထွန်းပွဲတော်ကြီးကို ရောက်ရှိလို့ လာပါပြီ ...
သီတင်းကျွတ်ဘာလို့ ပြုလုပ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာလည်း သင်ခဲ့ရသလို သီတင်းကျွတ်နားနီးရင် Facebook မှာကော၊ သတင်း၀က်ဘ်ဆိုက်တွေမှာကော အများကြီးဖတ်ရှုခဲ့ရပြီးပါပြီ။
ဘာသာတရားကို အခြေခံပြီး ပေါ်ပေါက်လာခဲ့တဲ့ယဉ်ကျေးမှုတစ်ရပ်ဖြစ်တဲ့ ဒီရိုးရာပွဲလေးကတော့လူတွေရဲ့စိတ်အာရုံကို ဆွဲဆောင်ထားပြီး နူးညံ့တဲ့ခံစားချက်လေးတွေ၊ သိမ်မွေ့တဲ့ ရသလေးတွေကို ဆောင်းဦးကာလရောက်တိုင်းမှာ ယူဆောင်လာတတ်ပါတယ် ...
“ငယ်ငယ်က သီတင်းကျွတ်က အရမ်းပျော်စရာကောင်းခဲ့တာ”၊ “ခုလို လျှပ်စစ်မီးတွေမဟုတ်ဘူး၊ ဆီမီးခွက်လေးတွေ၊ မီးစာလေးတွေကို လောင်စာဆီနဲ့ ထွန်းခဲ့ရတာ”၊ “သီတင်းကျွတ်ဆိုမုန့်တွေလုပ်ပြီး တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ပို့၊ အမျိုးတွေနဲ့ လူစုံတက်စုံ လိုက်ကန်တော့ကြ၊ မုန့်ဖိုးတွေတောင်းကြ” စသဖြင့် လူကြီးတွေအဲ့လိုပြောတာလေးတွေကို ကြားဖူးကြတယ်မလား ...
တကယ်လည်း ကျွန်တော်တို့ ၂၀၀၀ခုနှစ် ဖွားတွေလောက်ထိ အဲ့လိုလေးတွေကို ကောင်းကောင်းခံစားမိခဲ့ကြတယ်လို့ ထင်ပါတယ်၊ သီတင်းကျွတ်ကန်တော့တာကို ငယ်ငယ်ကတော့ လူကြီးမိဘတွေရဲ့ ကုသိုလ်ရတယ်၊ ကန်တော့ရတယ် စသဖြင့် ခိုင်းစေမှုကြောင့် မုန့်ဖိုးတွေလည်းရတော့ ပျော်ပျော်ကြီး ကန်တော့ကြတယ်ပေါ့လေ ...
အသက်အရွယ်က အလယ်တန်း၊ အထက်တန်းကျောင်းသားလောက်ရောက်တဲ့အခါမှာတော့ နည်းနည်းသိလာပြီ၊ သီတင်းကျွတ် ကန်တော့တာက ငယ်ငယ်ကလောက် အနှစ်သာရမရှိတော့ကြောင်း၊ ငယ်ငယ်ကကျတော့ စိတ်က အဖြူထည်သပ်သပ်လေးပဲ၊ အဖေတို့အမေတို့က ပြောတယ်၊ ကုသိုလ်ရတယ်၊ ကန်တော့ရတယ်ဆိုတော့ ခိုင်းတဲ့အတိုင်း လိုက်လုပ်ကြတယ်။ အဲ့လိုပဲအသက်ကြီးတဲ့အဘိုးအဘွား၊ အဖေအမေ၊ ဦးလေးအဒေါ် စသဖြင့် သူတို့ကို ကန်တော့တော့ သူတို့ကလည်း ကလေးတွေကို ချစ်ကြတယ်လေ ... လက်တွေ့မှာ ၅၀၊ ၁၀၀ မုန့်ဖိုးရလည်း ကလေးတစ်ယောက် အတွက်ကတော့ မုန့်စားလို့ရတယ်
ဒါပေမဲ့ တကယ်တမ်း အသက်အရွယ်ရလာတော့ သီတင်းကျွတ်ကန်တော့တာက မဖြူစင်တော့ဘူး၊ အကုန်လုံးကို မဆိုလိုပေမဲ့ ဆရာဆရာမတွေကိုဆို မျက်နှာရချင်တဲ့အတွက် ကျောင်းသားတွေထဲ သူ့ထက်ငါ အပြိုင် ကန်တော့ကြ၊ အခုလုပ်ငန်းခွင်တွေထဲ စပြီးခြေချရတဲ့ အရွယ်ရောက်တော့လည်း ကိုယ့်ရဲ့ အထက်လူကြီးတွေကို လက်ဆောက်ပဏ္ဏာဆက်သရတာအမော၊ သီတင်းကျွတ်မှာ လက်ဆောင်ပဏ္ဏာနဲ့ ကန်တော့မှ ကြည့်ရှုစောင်မတာမျိုးတွေအထိတောင် ပတ်၀န်းကျင်မှာ ရှိခဲ့တယ် ...
တကယ်တမ်းသီတင်းကျွတ်ကန်တော့ခြင်းရဲ့ အနှစ်အရသာလေးကို ရှာဖွေကြည့်မယ်ဆို ဒါမျိုးလေးတွေ့ရပါတယ် ...
ဘုရားရှင်လက်ထက်တော်အခါက ဝါတွင်းသုံးလပတ်လုံး ဝါဆိုတော်မူနေတဲ့ ရဟန်းတော်အချင်းချင်း စိတ်၀မ်းကွဲပြားမှုကို ဖြေဖျောက်ရန်၊တစ်ဦးနဲ့တစ်ဦး အကျင့်သိက္ခာ စင်ကြယ်စေခြင်းအတွက် သံသယ ရှင်းစေရန်၊ စည်းလုံးညီညွတ်မှု ရှိစေရန်အတွက် သီတင်းကျွတ်လပြည့်နေ့ရောက်တဲ့အခါ ပဝါရဏာတင်ပွဲကို ပြုလုပ်ဖို့ မြတ်စွာဘုရားက ပညတ်တော်မူခဲ့ပါတယ် ...
အဲ့လိုပဲ လူ့ဘောင်အသိုင်းအဝိုင်းမှာလည်း ရဟန်းတော်တွေ ပဝါရဏာပြုတဲ့နည်းတူ ကျေးဇူးတရားအသိအမှတ်ပြုဖို့နဲ့ အပြစ်တွေကို ၀န်ချတောင်းပန်ကြတဲ့ အနေနဲ့ သက်ကြီးပူဇော်ပွဲတွေ၊ ကိုယ့်ရဲ့ ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေကို ရှိခိုးကန်တော့ခြင်းကို ပြုလုပ်ကြပါတယ်၊ ဒါက သီတင်းကျွတ်ကန်တော့ခြင်းကြောင့် အပြစ်တွေ၊ ရန်တွေကနေ ကင်းရှင်းပြီး ကျေးဇူးတရားကို အောက်မေ့တတ်တယ်ဆိုတဲ့ အနှစ်သာရတွေပါပဲ၊
ဒီလိုလုပ်ခြင်းအားဖြင့်လည်း ကျွန်တော်တို့ရဲ့ စိတ်နှလုံးသားမှာ ကောင်းတဲ့စွမ်းအင်တွေကို ကိန်း၀ပ်စေပါတယ် ...
ဒီအကြောင်းလေးကို ပြောနေတာက ကျွန်တော်တို့တွေ သီတင်းကျွတ်မှာ အသက်ကြီးသူတွေကို ဘာကြောင့် ကန်တော့ကြတာလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲ၊ အဲ့လိုမျိုး စဉ်းစားပြီး ကန်တော့တဲ့သူနဲ့ သီတင်းကျွတ်မို့ ရိုးရာဓလေ့အရ ကန်တော့တယ်၊ တချို့ကလည်း အကျိုးလိုလို့ ညောင်ရေလောင်းတယ်ပေါ့၊ အဲ့လိုမျိုး ကန်တော့ကြတဲ့သူတွေထက်
သီတင်းကျွတ်ကန်တော့ခြင်းရဲ့ ဖြူစင်မှု၊ လေးနက်မှု၊ ကျေးဇူးတရားသိတတ်မှုနဲ့ အနှစ်သာရလေးတွေကို ခံစားမိကြစေဖို့၊ သတိထားမိစေဖို့နဲ့ ချစ်စရာဓလေ့လေး အမြဲချစ်စရာကောင်းနေဖို့အတွက် နှိုးဆော်ရုံသပ်သပ်ရေးသားတဲ့ စာစုလေး ဖြစ်ပါတယ် ...
ဒါကြောင့် ဒီနှစ်သီတင်းကျွတ်မှာ ကိုယ့်ရဲ့မိဘ၊ ကိုယ်၀န်ချတောင်းပန်စရာရှိတဲ့သူတွေနဲ့ ကျေးဇူးတရားကို ဖော်ပြသင့်တဲ့သူတွေအကုန်လုံးကို ရှိခိုးကန်တော့ပါ၊ မိသားစုနဲ့ အဝေးမှာနေကြရတဲ့၊ ချစ်တဲ့သူတွေနဲ့ တကွဲတပြားဖြစ်နေရတဲ့ ကျွန်တော်တို့ရဲ့ အဖိုးထိုက်တန်တဲ့ လူငယ်လေးတွေကိုလည်း မိသားစုနဲ့အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်ပြီး သီတင်းကျွတ်မှာ ပျော်ရွှင်ရပါစေလို့ ဆုမွန်တောင်းပါတယ်၊ အေးချမ်းသာယာရှိပါစေခင်ဗျာ ...
#koon
#takeyourtimemyanmar
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments