မေး : Vlogger တွေရဲ့ အနာဂတ်ကဘယ်လိုဖြစ်သွားမလဲ?
ဖြေ : စုတ်ပြတ်သတ်သွားတာပေါ့ဗျာ။
ဒီအဖြေကို မနေ့က New Year Event Day-2 ရဲ့ Youth & Technology Session ကိုတက်လိုက်တဲ့သူတွေဆိုကြားမိလိုက်မှာပါ။ မတက်လိုက်ရတဲ့သူတွေလည်း သိရအောင်
ရည်ရွယ်ပြီးတော့ ပြန်လည်မျှဝေလိုက်ပါကြောင်း...
မနေ့က Day-2 (Knowledge Day) ရဲ့ Youth & Technology Session မှာလာရောက်အားဖြည့်ဆွေးနွေးသွားတာကတော့ အတွေ့အကြုံရှိ Vlogger တစ်ယောက်(တစ်ဖြစ်လဲ) Technity ရဲ့ Founder ဖြစ်တဲ့ Ko John ပဲဖြစ်ပါတယ်။
Technity ကိုတော့ Tech နဲ့ပတ်သတ်တဲ့အသိပညာပေး Video တွေ၊ Smartphone Reviews တွေ၊ Gadget Reviews တွေနဲ့ မေ့ထားလို့မရတဲ့ "ကျွန်တော်ကတော့ John ဖြစ်ပါတယ်" ဆိုပြီးပြောလေ့ရှိတဲ့ Ko John ကိုယှဉ်တွဲပြီးတော့ မြင်မိကြမယ်ထင်ပါတယ်...
ဒီလိုနဲ့ Q & A session မှာမေးလိုက်တဲ့ မေးခွန်းနဲ့အဖြေကြောင့် shock ဖြစ်သွားရသလို၊ အတော်လေးလဲဝမ်းနည်းမိသွားပါတယ်။" မြန်မာနိုင်ငံမှာ Vlogger တွေရဲ့ အနာဂတ်ကဘယ်လိုဖြစ်သွားမလဲ" ဆိုတဲ့မေးခွန်းနောက်မှာ " စုတ်ပြတ်သတ်သွားတာပေါ့ဗျာ" ဆိုတဲ့အဖြေကြားလိုက်အချိန်မှာ စိတ်ထိခိုက်မိသွားတယ်ဆိုပါတော့...
________________
Vlog 🎬 ဆိုတာက (Video Blog) ရဲ့အတိုကောက်ဖြစ်ပြီးတော့ကိုယ်ပြောချင်တဲ့အကြောင်းအရာ၊ အချက်အလက်ကို Video အနေနဲ့တင်ဆက်ပုံဖော်တာဖြစ်ပါတယ်။ Vlogger ဆိုတာကတော့ Vlog တွေကိုဖန်တီးတဲ့သူတွေပေါ့။ Vlogging အကြောင်းကို ပြီးခဲ့တဲ့တစ်ခေါက်ကလည်းရှင်းပြထားတာရှိတာမို့ ဒီမှာအကျယ်တဝံ့မပြောတော့ပါဘူး။
Technity က Ko John ဆိုတာ ကျွန်တော်သတိထားမိသလောက် မြန်မာနိင်ငံက Tech Vlogger တွေထဲအတွေ့အကြုံအရှိဆုံးထဲကတစ်ယောက်လို့ဆိုလို့ရပါတယ်။ ဆိုတော့ ဒီလောက်အချိန်အကြာကြီး Content တွေဖန်တီးခဲ့တဲ့သူတစ်ယောက်အနေနဲ့တောင် ဒီကာလကြီးကြောင့်အနာဂတ်တွေဟာပျက်ပျယ်သွားတယ်ဆိုတော့ တက်သစ်စလူငယ်တွေအတွက်ဆိုရင်....
ကျွန်တော်က ကိုယ်တိုင်လည်း Vlogging ကိုစိတ်ဝင်စားသလို၊ ပြီးခဲ့တဲ့တစ်ခေါက်ကပြောခဲ့သလိုပဲ ဒီနယ်ပယ်ဟာမြန်မာနိုင်ငံအနေအထားနဲ့ Career တစ်ခုအနေနဲ့လုပ်ဖို့အင်မတန်ကိုခက်ခဲပါတယ်။ ဒီကိစ္စတွေမဖြစ်ခင်ကတောင် Vlogger တွေက Passion အရင်းခံကြောင့်သာလုပ်နေကြတာများပြီး စီးပွားရေးအကျိုးအမြတ်ကအတော်နည်းပါတယ်။
စောနက မေးခွန်းကို Ko John ကအချက် (၂) ချက်ကို mention လုပ်ပြီးပြောပြသွားခဲ့ပါတယ်။
🔸ပထမအချက်က VPN ပါ
Social Media တွေကိုပိတ်ပင်လိုက်တဲ့အချိန်မှာ VPN တွေကိုစသုံးခဲ့ရတယ်။ နဂိုထဲကမှ မရှိတဲ့ Internet Speed ကို VPN တွေခံသုံးရတဲ့အချိန်မှာ လိုင်းကျတဲ့ပြဿနာတွေဖြစ်လာတော့ Video တွေတင်ဖို့အခက်အခဲဖြစ်လာတယ်။ Facebook ရဲ့ Algorithm အရလည်း Location အလိုက် Recommended Video တွေပြပေးတာဆိုတော့ အကုန်လုံးကနိုင်ငံစုံပတ်နေကြတော့ Information miss out ဖြစ်သွားတာတွေလည်းကြုံလာရတယ်။
Audience ဘက်ကကြည့်မယ်ဆိုရင်လည်း လိုင်းကျတဲ့ပြဿနာတွေကြောင့် Video တွေကြည့်ဖို့ခက်ခဲလာရတာပေါ့...
🔸ဒုတိယအချက်ကတော့ Data Prices တွေပါ
ဒီအချက်ကတော့ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်သွားပါပြီ။ မြန်မာနိုင်ငံရဲ့ သုံးပုံတစ်ပုံလောက်ကပဲ Wifi သုံးကြတာပါ (ဒီထက်နည်းရင်လည်းနည်းနိုင်ပါတယ်) ဒါတောင်မီးမမှန်တဲ့မြို့နယ်တွေကရှိပါသေးတယ်။ Data ဈေးတွေတက်သွားတဲ့အချိန်မှာ ခြွေတာရေးအတွက် Video တွေလျှော့ကြည့်ရဖို့ကရွေးချယ်မှုတစ်ခုဖြစ်လာတယ်။ အထူးသဖြင့် Facebook မှာပေါ့။
မြန်မာနိုင်ငံမှာကလည်း Monetization နဲ့ဝင်ငွေပိုရမယ့် YouTube မှာ Stream ပြီးကြည့်ကြတဲ့အရေအတွက်ကနည်းပါသေးတယ်။ ပိုဆိုးတာက Tech Video တွေဆိုတာ လူအနည်းစုလောက်ပဲကြည့်ကြတာပါ။ ဆိုတော့ ဒီလူအနည်းစုထဲကနေ ခုဏကအကြောင်းအမျိုးမျိုးတွေကြောင့် ထပ်လျော့သွားတဲ့အခါ Vlogger တွေအနေနဲ့ဘယ်လိုဆက်လှမ်းရမလဲဆိုတာက မေးစရာဖြစ်လာခဲ့ပါပြီ...
အပေါ်ကပြောခဲ့တဲ့နှစ်ချက်နဲ့တင် မြန်မာနိုင်ငံရဲ့ Vlogging နယ်ပယ်ကအတော်ကိုယိုယွင်းနေပါပြီ။ ဒီနယ်ပယ်မှတင်မဟုတ်ပါဘူး၊ တခြား နယ်ပယ်တွေကိုလဲသက်ရောက်ပါတယ်။ ပုံမှန်ဖြစ်နေခဲ့တဲ့အချိန်မှာတောင် Vlogging နယ်ပယ်က ဖွံ့ဖြိုးဆဲရှိနေခဲ့တာကနေ အခုတော့ထောက်တိုင်တွေပြိုလဲခဲ့ပါပြီ။(ဒါတောင်သူတို့ရဲ့ Cyber Law ဆိုတာကိုတောင်အတည်မပြုရသေးပါဘူး)
ဒါကြောင့် အားလုံးထိုင်ပြီး ရင်လေးနေမယ့်အစား လုပ်သင့်တာတွေကိုလုပ်ကြဖို့လည်းမမေ့ကြပါနဲ့လို့မှာကြားရင်း နောက်တစ်ခေါက်မှပြန်တွေ့တာပေါ့ ✨
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments